Skip to main content

တကောင်းမြို့၌ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးမှုများဖြစ်ပွား

နေပြည်တော် မတ် ၁

PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေ ၅ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ရွှေဇာလီဘုန်းကြီးကျေင်း၏ အရှေ့ဘက် အမြင့် မီတာ ၈၀၀ ခန့်အကွာမှ Drone ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက်ရှိ ဦးအောင်ဇော်ဦး၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆နာရီ မိနစ် ၂၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ထရံကာ နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ရွှေဇာလီဘုန်းကြီးကျောင်းတွင် ထားရှိကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်