နေပြည်တော် မတ် ၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျသိရှိ ထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြှင့်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသည့် ဌာနတွင်း ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ သင်တန်းသား သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ သင်တန်းသား သင်တန်းသူ အမှုထမ်းငယ်များအနေနှင့် မိမိတို့ လေ့လာသင်ယူခဲ့သော ပညာ ရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေးအတွက် ဝန်ကြီးဌာနမှ သင်တန်းများ ဖွင့်လှစ်ပေးနေရုံသာမက ပြည်တွင်း၊ ပြည်ပသင်တန်းများသို့လည်း စေလွှတ်တက်ရောက်လျက်ရှိကြောင်း၊ အမှုထမ်းငယ်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အသွေးများ အမြဲတိုးတက်နေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ခံယူချက်ထား၍ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ “ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း”ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၄၁ ဦး တက်ရောက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာန ရုံးအဆောက်အအုံပရဝဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဝန်ထမ်းများ စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်