နေပြည်တော် မတ် ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
တွေ့ဆုံစဉ် သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သည့်အတွက် ရှေးနှစ်ပေါင်းများစွာကပင် ချစ်ခင်ရင်းနှီးခဲ့မှု၊ သီရိလင်္ကာ နိုင်ငံရှိ ဘုန်းတော်ကြီးများအား မြန်မာနိုင်ငံသို့ ဗုဒ္ဓစာပေများ လာရောက်သင်ကြားပါက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ အခမဲ့သင်ကြားပေးနေမှု၊ မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပညာသင်ကြားနေသော သံဃာတော်များအတွက်လည်း အဆင်ပြေ ရေးဆောင်ရွက်ပေးရန် လိုအပ်မှု၊ သီရိလင်္ကာနိုင်ငံမှ ရွှေကျင်နိကာယ၊ ရာမညနိကာယ၊ အမရပူရ နိကာယ၊ စိရမ်နိကာယစသည့် နိကာယ (၄) ရပ်စလုံးမှ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လျက်ရှိရာ ယခုနှစ်တွင်လည်း ဆက်ကပ်ရန် စီစဉ်ထားရှိမှု၊ မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံ သာသနာရေးဆိုင်ရာဆက်သွယ်မှု၊ အပြန် အလှန်အလေးထားမှု၊ ကန္ဒီမြို့တွင် ဗုဒ္ဓတက္ကသိုလ်တည်ထောင်ခဲ့မှု၊ ယခုနှစ်တွင် ကျင်းပမည့် ကန္ဒီမြို့ရှိ ဗုဒ္ဓစွယ်တော် လှည့်လည်ပူဇော်ပွဲသို့ လာရောက်ရန် ဖိတ်ကြားမှု၊ နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်တို့ကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်