Skip to main content

သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၄၈) အဖြစ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနိုင်ငံ များအတွက် တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေး

နေပြည်တော် မတ် ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

လူမှုစီးပွားတိုးတက်ရေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တင်ပြဆွေးနွေးမည့် ခေါင်းစဉ်တွင်ပါဝင်သော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနိုင်ငံများအတွက် တောင်သူပညာပေးဆိုင်ရာ အကြောင်းအရာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လယ်ယာထွက်ကုန်တိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သဖြင့် မိမိတို့အနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်ကြောင်း၊ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုသည် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်လာကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း တောင်သူလယ်သမားများနှင့်စပ်လျဉ်းသော ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များကို ပြုလုပ်နေသဖြင့် ယခုဆွေးနွေးမျှဝေသည့် အကြောင်းအရာများကို ဝန်ထမ်းများ သိရှိရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင် ဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံး ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဌေးက “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနိုင်ငံများအတွက် တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း” အကြောင်းအရာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။

သတင်းစဉ်