ရန်ကုန် မတ် ၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အဆောက်အဦ အမှတ် (၁) သုံးထပ်ဆောင်ရှေ့ လေဟာပြင်၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယခင်ကော်မရှင်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ကြသော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြ၊ သံအမတ်ကြီး (ငြိမ်း) ဦးလှမြင့်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံး အရာထမ်း/ အမှုထမ်းမိသားစုများ တက်ရောက်ဆင်နွှဲကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ထမနဲပွဲသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတဖြစ်သကဲ့သို့ ထမနဲ၏ အရသာကောင်းခြင်းသည် စည်းလုံး ညီညွတ်ခြင်း၏ ပြယုဂ်ဖြစ်စေသည်ဟု ရှေးလူကြီးများ ဆိုစကားရှိခဲ့ကြောင်း၊ ယနေ့ထမနဲထိုးပြိုင်ပွဲသည်လည်း ကော်မရှင်ဝန်ထမ်းများ၊ မိသားစုများ ချစ်ခင်စည်းလုံးညီညွတ်မှုများ တိုးတက်ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲကို ကော်မရှင်ရုံးဌာန ခြောက်ခုမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသော အသင်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင်ကြရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများက အားပေးကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
