နေပြည်တော် ဖေဖော်ဝါရီ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter) ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေမှု၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသောကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှု၊ Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးသည့် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှု၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင်အနှိပ်သင်တန်း နှစ်နှစ်သင်ကြားပို့ချနေမှု၊ ဆက်တီခုံကြိမ်ထိုးနေမှုနှင့် ပလတ်စတစ်ခြင်း ရက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ball အားကစားနည်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မျက်မမြင်သင်တန်းသား သင်တန်းသူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေးအတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစား ပိုမိုသင် ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံအား ရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန်မှာကြားပြီး မျက်မမြင်သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလေးပြုစုရေးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကလေးများကို ပြုစုစောင့်ရှောက်ပေးရာတွင် သက်ဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ အကူအညီများကိုရယူ၍ စနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး ကလေးများနှင့် တွေ့ဆုံအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်