Skip to main content

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ်ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ်ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးဂရုပြုစေလိုကြောင်း၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် အလုပ်သင်ဆရာဝန် သင်တန်း ကာလပြီးဆုံးသူများ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် နောက်ဆုံးနှစ်(ဘွဲ့ရ) စာမေးပွဲဖြေဆို အောင်မြင်ပြီးသူများနှင့် ဘွဲ့လွန်သင်တန်းများမှ ဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်စေလိုကြောင်း။

KG+12 သင်ရိုးညွှန်းတမ်းအသစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည့်သူများအတွက် ဆေးပညာအခြေခံနှစ်နှင့် ပထမနှစ်ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲခြင်းများကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြစေလိုကြောင်း။

သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးအပြင် စားစရိတ်များကို တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ကျန်းမာရေးအသုံးစရိတ်အတွက် ဘဏ္ဍာငွေများ လုံလောက်စွာချထားပေးပြီးဖြစ်ကြောင်း၊ တက္ကသိုလ်နှင့် သူနာပြု/သားဖွား သင်တန်းကျောင်းများတွင် လိုအပ်သော ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နောင်တွင်လည်း ဆက်လက်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအား တက္ကသိုလ် အဆောင်တွင် နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပျော်ရွှင်ရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ်များကို အထူးအလေးပေးဆောင်ရွက်ပေးစေလိုကြောင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်းကိစ္စရပ်များကို စနစ်တကျဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဆေးတက္ကသိုလ်များ၏ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားသည့် သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ ဘွဲ့လွန်သင်တန်းဝင်ခွင့် ခေါ်ယူခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲကို ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ပါမောက္ခချုပ်များက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

၂၀၂၄-ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ ၁၃၉၀၆ ဦးနှင့် ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂၇၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း သင်ကြားရေးဆိုင်ရာကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်