နေပြည်တော် ဖေဖော်ဝါရီ ၂၉
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနမှတာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကာလ နှစ်နှစ်နှင့် ခြောက်လတာကာလအတွင်း လေထုအရည်အသွေးဆိုင်ရာ အဓိက Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာနိုင်သည့် ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်း၊ ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာကိုင်တွယ်အသုံးပြုခြင်း သင်တန်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများကို မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နှစ်စဉ်ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြသထားသော ပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
အဆိုပါ စီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ စီမံကိန်းကာလ ၂ နှစ် ၆ လသတ်မှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးချုပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်