Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၉

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေးအသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရှစ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊၊ လူမှုရေးအသင်းအဖွဲ့များ၊ MSME အသင်းဝင်များ၊ NCCI အသင်းဝင်များ၊ ဆန်ကုန်သည်များ၊ ဆီကုန်သည်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ ၁၁ ရက်တွင် နိုင်ငံတော်ပိုင် နေ့စဉ်သတင်းစာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးသည့်နောက် ရပ်ရွာအေးချမ်းသာယာရေးကို ထိတ်လန့်တုန်လှုပ်ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှုလုပ်ရပ်များကိုတွေ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းတွင် ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာသင်ကြားနေဆဲသူ၊ မိအိုဖအိုပြုစု လုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့ သက်သက်ခေါ်ယူမည် မဟုတ်သကဲ့သို့ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန်မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရ ရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်သည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံတော်ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် ပျဉ်းမနားခရိုင် ဥပဒေအရာရှိ ဦးလှစိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် သက္ကယ်ချင်းကျေးရွာအုပ်စု သက္ကယ်ချင်းကျေးရွာရှိ သုတဝေဖြာပညာကမ္ဘာ စာကြည့်တိုက်တွင် လူငယ်လူရွယ်များနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးနေမှု အခြေအနေများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာ စာကြည့်တိုက်အတွက် မတည်ငွေများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် သက္ကယ်ချင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာရပ်မိ ရပ်ဖများနှင့်တွေ့ဆုံကာ လူငယ်များ အသိပညာ၊ အတတ်ပညာများတိုးတက်ရေးအတွက် အကျိုးရှိမည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်