Skip to main content

ရေနံနှင့်သဘာဝဓာတ်ငွေ့မြေစီမံကိန်းအသစ်များ ထပ်မံရှာဖွေဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၉

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းနှင့် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုနှင့် ထပ်မံတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မအူပင်တွင်းအမှတ်(၁၅) တွင်းဟောင်းအား သုတေသနပြု၍ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မြန်မာပြည်(အောက်ပိုင်း) ဒေသများတွင် ကုန်းတွင်းပိုင်းရှာဖွေရေး လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိထုတ်လုပ်နေသော ရေနံမြေများအား နည်းပညာအကူအညီဖြင့် စီမံဆောင်ရွက်နေသကဲ့သို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ မြေစီမံကိန်းအသစ်များ ထပ်မံရှာဖွေဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာပညာရှင်များအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေနံမြေသစ်များ ထပ်မံဖော်ထုတ်၍ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ရေး နိုင်ငံတော်အပေါ် စေတနာထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထပ်မံတူးဖော်မည့် တွင်းများမှလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ထပ်မံထုတ်လုပ်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်တွင်းအမှတ်(၁၅)၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုနှင့် တွင်းအမှတ်(၂၆) တူးဖော်ရန်ပြင်ဆင်နေမှုတို့ကို ကြည့်ရှုအားပေးကာ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၂)နှင့် အမှတ်(၃)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း) သို့ရောက်ရှိရာ တာဝန်ရှိသူများက ကုန်းတွင်းသဘာဝဓာတ်ငွေ့ရယူပြီး ရေနံဓာတ်ငွေ့ရည် (LPG) ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေနှင့် စက်ရုံများစက်စွမ်းအားပြည့် လည်ပတ်ပြီး LPG ထုတ်လုပ်ရန် စီမံဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သည်ဖြစ်၍ အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ကြောင်း၊ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့အတွက် လိုအပ်သော ကုန်းတွင်းသဘာဝဓာတ်ငွေ့များ ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ အိမ်သုံးလောင်စာအဖြစ် ရေနံဓာတ်ငွေ့ရည်(LPG) ပိုမိုသုံးစွဲနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းသက်သာစေသည့်အပြင် သုံးစွဲသူပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုလည်း မြင့်တက်စေကြောင်း၊ ရေနံဓာတ်ငွေ့ရည်(LPG)ကို အိမ်သုံးကဏ္ဍတွင်သာမက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အသုံးပြုနိုင်မည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ စက်ရုံစဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ပြီး ရေနံဓာတ်ငွေ့ရည်(LPG) တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပြီး စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အင်အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ကာ စက်ရုံဝင်းအတွင်း လှည့်လည်၍ LPG လည်ပတ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေအစည်းအဝေးခန်းမတွင် ရေနံမြေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်သည့် တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်