နေပြည်တော် ဖေဖော်ဝါရီ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြေးခုန်ပစ် (အပစ်) အားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခရစ်ကတ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး နေထိုင်စားသောက် လေ့ကျင့်မှုများတွင် အခက်အခဲရှိပါက သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ပြေးခုန်ပစ် (တာလတ်၊ တာဝေး) အားကစားသမားများ၏ လေ့ကျင့်နေမှု၊ အလေးမအားကစားရုံတွင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဖူဆယ်အားကစားရုံတွင် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ဘော်လီဘော အားကစားသမားများ၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အားကစား သမားများအနေဖြင့် စံချိန်၊ စံညွှန်းများတိုးတက်ကောင်းမွန်စေရန် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများရရှိစေရေးအတွက် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် လေ့ကျင့်ရေးအထောက် အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စံချိန်၊ စံညွှန်းများကို အားကစားသမားများ သိရှိအောင် ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့်စနူကာအားကစားရုံတွင် ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်