Skip to main content

ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မွတ်စလင်အမျိုးသား ၁၀၇ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား မွတ်စလင်အမျိုးသား ၁၀၇ ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား မွတ်စလင်အမျိုးသား ၁၀၇ ဦးကို ဖမ်းဆီးထားသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းအမှားများဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးထားခြင်းမရှိကြောင်း သိရှိရသည်။

AA သောင်းကျန်းသူများအနေဖြင့် မွတ်ဆလင်ကျေးရွာများကို တပ်မတော်နှင့် ပူးပေါင်းခြင်းမရှိရန်၊ ၎င်းတို့ထံပါဝင်ရန် ခြိမ်းခြောက်ပြောဆိုလျက်ရှိပြီး ကျေးရွာအချို့ကို ဒလန့်ဟုစွပ်စွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် တပ်မတော်မှ မွတ်စလင်လူမှုကူညီရေး အသင်းများနှင့်ပူးပေါင်းပြီး ပြန်လည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက မွတ်စလင်များကို တပ်မတော်မှ စစ်သားစုဆောင်းနေကြောင်း ကောလာဟလသတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဝါဒ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။