ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအား စစ်မှုထမ်းရန် SAC က စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဘင်္ဂလားဒေ့ရှ်မီဒီယာ တစ်ခုဖြစ်သည့် The Business Standard ၏ ဝက်ဘ်ဆိုက်သတင်းတစ်ခုတွင် မြန်မာအစိုးရက ဒုက္ခသည်စခန်းများရှိ အကန့်အသတ်ခံထားရသည့် ဘင်္ဂါလီများကို လွတ်လပ်စွာသွားလာခွင့်ပေးမည်ဟု ကမ်းလှမ်းပြီး စစ်မှုထမ်းစေရန်လုပ်ဆောင်နေသည်ဟု သတင်းရေးသားထား ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့က တရားမဝင်မြန်မာမီဒီယာအချို့၏ ရေးသားချက်ကိုကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်းနှင့် RFA ၏ အခြေအမြစ်မရှိသော သတင်းကို ကိုးကားရေးသားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသားလည်းမဟုတ်ဘူးလေ။ ပြီးတော့ စစ်မှုထမ်းဥပဒေကလည်း အခုအချိန်ထိတိုင်းဒေသကြီး၊ ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးစတဲ့ အဖွဲ့တွေအများကြီး ဖွဲ့ရအုံးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရအုံးမှာ။ အဲဒါတွေ လုပ်ရအုံးမှာဆိုတော့ အခုထွက်နေတဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိ ဘူး”ဟု ၎င်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာနက “နယ်စပ်ဒေသရှိ ထောင်နှင့်ချီသောဘင်္ဂါလီဒုက္ခသည်များအား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည်ဟု အတည်မပြုနိုင် သေးသောသတင်းများ ထွက်ပေါ်နေကြောင်း” လည်း မဟုတ်မမှန်ရေးသား ဖော်ပြထားသည်။
တရားမဝင်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီးသည့်နောက်ပိုင်းတွင် ပြည်သူများနှင့်ဒေသခံများ စိုးရိမ်ပူပန်မှုကြီးထွားစေရန်အတွက် မဟုတ်မမှန်သတင်းများကို အမျိုးမျိုးလုပ်ကြံရေးသားခဲ့ပြီးနောက် ယခုသတင်းတုကိုလည်း ပုံစံတစ်မျိုးဖြင့် ထုတ်လွှင့်လာကြခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက်မီဒီယာ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြားသည်။
မျိုးခိုင်