Skip to main content

မန္တလေးမြို့တွင် လူငယ် ၁၅ ဦးခန့် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရဆိုသည့် သတင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ကောလာဟလသတင်းများအား မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း‌ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က လူငယ် ၁၅ ဦးထက်မနည်းကို လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားသည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် RFA မှ မဟုတ်မမှန် ကောလာဟလသတင်းများကို လှုံ့ဆော်ဝါဒဖြန့်ချိ လျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီ ၂၅ ရက် နေ့တွင် လုံခြုံရေးအဖွဲ့များသည် အဆိုပါရပ်ကွက်အတွင်း၌ ဧည့်စာရင်းစစ်ဆေးခြင်း၊ လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်းများမရှိကြောင်းနှင့် ဖမ်းမိသူများကို ငွေနှင့်ပြန်ရွေးခိုင်းသည် ဆိုသည်မှာလည်း သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။

အလားတူ တက္ကသိုလ်ကျောင်းသားများ စစ်မှုထမ်းဆောင်ကြရန် တပ်မတော်က လိုက်လံစည်းရုံးသိမ်းသွင်းကာ အစိုးရထောက်ပံ့ကြေးယူထားသည့် ကျောင်းသားများအား ဖိအားပေးနေသည်ဟု ကောလာဟလသတင်းများကို ခေတ်သစ်မီဒီယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားလှုံ့ဆော်လျက်ရှိသည်ကို တွေ့ရှိရပြီး အဆိုပါသတင်းများနှင့်ပတ်သက်၍ နိုင်ငံပိုင် မီဒီယာများမှလည်း သတင်းမှန်များ၊ ထုတ်ပြန်ချက်များကို အခါအားလျော်စွာ ထုတ်ပြန်ပြောကြားပေးလျက်ရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်စေရေး ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်ကို ပြည်ဖျက်မီဒီယာများက လူငယ်လူရွယ်များနှင့်မိဘပြည်သူများ စိုးရိမ်ထိတ်လန့်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေအမြစ်မရှိသော ကောလာဟလသတင်းများကို နည်းလမ်းမျိုးစုံသုံးကာ လှုံ့ဆော်ဝါဒဖြန့်ချိနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။