နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ခေတ္တတိမ်းရှောင်နေသည့် ဒေသခံပြည်သူများ၏ ပြည်သူပိုင်နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ကော့ကရိတ်မြို့တွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးနေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ကော့ကရိတ်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်သမားများဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်းနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရပါသည်။
တရားမဝင်ပြည်ဖျက် မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
