Skip to main content

လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဆိုင်ရာ တိုင်ကြားမှုများအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ အရေးယူဆောင်ရွက်မှုများကို ဘာသာရပ်ဆိုင်ရာ ဆန်းစစ်ခြင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ဥပဒေပညာဌာနနှင့် နိုင်ငံရေး သိပ္ပံပညာဌာနများ၏ “လူမျိုးသုဉ်းသတ်ဖြတ်ခြင်း တိုင်ကြားမှုများအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အရေးယူဆောင်ရွက်မှုများကို ဘာသာရပ်ဆိုင်ရာ ဆန်းစစ်ဆွေးနွေးခြင်း” အခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများနှင့် ပညာဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် တာဝန်ရှိသူများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက်ပိုင်း နောက်ထပ် အလားတူ ကမ္ဘာ့စစ်ကြီးမဖြစ်အောင်ကာကွယ်ရန် ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့ပါကြောင်း၊ သို့သော်လည်း စစ်အေးကာလနှင့် ယင်းနောက်ပိုင်းတွင် ဒေသန္တရစစ်ပွဲများ၊ ကိုယ်စားစစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံပေါင်းစုံပါဝင် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် ကုလသမဂ္ဂ၏ တရားစီရင်ရေးအဖွဲ့ဖြစ်သော နိုင်ငံတကာတရားရုံး (ICJ) စသည့် တရားရုံး နှစ်ခု ဖွဲ့စည်းထားကြောင်း။

ကာကွယ်စောင့်ရှောက်

လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုများအပေါ် ရာဇဝတ်မှုကျူးလွန်သော ပုဂ္ဂိုလ်များကို အရေးယူအပြစ်ပေးနိုင်ရန် ICC က အရေးယူဆောင်ရွက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဥပဒေကြောင်းအရ အငြင်းပွားမှုများကို ဖြေရှင်းပေးရန် ICJ ကို ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း၊ ICJ တရားရုံး၏ ဆုံးဖြတ်ချက်များကို လိုက်နာစေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ အာဏာအရှိဆုံးဖြစ်၍ ယင်းအပေါ်တွင်မူတည်ကြောင်း၊ တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ နောက်ဆက်တွဲဝေဖန်မှုများ အမြဲကြုံတွေ့နေရကြောင်း၊ အခြေခံအကြောင်းခြင်းရာများ လွန်စွာမကွဲပြားသော်လည်း လက်ခံကြားနာမှုရလဒ်များမှာ အံ့ဩဖွယ်ကောင်းလောက်အောင် မတူညီမှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ ဆရာ ဆရာမများ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်အခြေအနေများကို လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံသားများ၏ အသက်အိုးအိမ် အကျိုးစီးပွားကို ကာကွယ်ရေးအင်အားဖြင့် ကာကွယ်ပေးရသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတကာဥပဒေများနှင့် စီရင်ထုံးများကို လေ့လာသုံးသပ်ပြီး ဥပဒေများကို အသုံးချကာ မဖြစ်မနေကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်ကို သိရှိစေရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းဆိုင်ရာ တိုင်ကြားမှုများအပေါ် အရေးယူဆောင်ရွက်မှုများအနက် “ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ” အကြောင်းအရာကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဥပဒေပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါ်ဝါဝါလွင်နှင့် တွဲဖက်ပါမောက္ခ ဒေါ်စန်းယုမော်တို့က ဥပဒေရှုထောင့်မှနေ၍လည်းကောင်း၊ နိုင်ငံရေးသိပ္ပံပညာဌာနမှ ခေတ္တပါမောက္ခ၊ ဌာနမှူး ဦးတင်စိုးက နိုင်ငံရေးရှုထောင့်မှလည်းကောင်း၊ “တောင်အာဖရိကနိုင်ငံနှင့်အစ္စရေးနိုင်ငံ” အကြောင်းအရာများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ပွင့်ဖြူသန့်က ဥပဒေရှုထောင့်မှနေ၍လည်းကောင်း၊ နိုင်ငံရေးသိပ္ပံပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါ်ဝင်းစန္ဒာဦးက နိုင်ငံရေးရှုထောင့်မှလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆွေးနွေးမှုများအပေါ်တွင် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် လိုအပ်သည့်အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်