Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကလေးများအတွက်အရှေ့တောင်အာရှဗီဒီယိုပွဲတော် တည်ထောင်သူဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကလေးများအတွက် အရှေ့တောင်အာရှ ဗီဒီယိုပွဲတော် (Southeast Asia Video Festival for Children- SEAVFC) တည်ထောင်သူဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ စတုတ္ထအကြိမ် SEAVFC ကျင်းပရေးအပါအဝင် လူငယ်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

တီထွင်ဖန်တီးမှုတွင်ပိုမိုအားကောင်း

ရှေးဦးစွာ SEAVFC ဥက္ကဋ္ဌက ပုဂ္ဂလိကအစီအစဉ်အဖြစ် စေတနာ၊ မေတ္တာအခြေခံကာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဤအဖွဲ့ကိုဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ ခေတ်လူငယ်များသည် တီထွင်ဖန်တီးမှုတွင် ပိုမိုအားကောင်းပါကြောင်း၊ SEAVFC ကို မိမိဦးစီးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒါရိုက်တာအဖွဲ့နှင့် ဒိုင်အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားပါကြောင်း၊ SEAVFC ပွဲတော်၏ ပထမနှင့် ဒုတိယအကြိမ်များကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ၍ တတိယအကြိမ်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် ပွဲတော်ကျင်းပမှု ရပ်ဆိုင်းခဲ့ပါကြောင်း၊ စတုတ္ထအကြိမ်ပွဲတော်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားသည်။

လူငယ်ကဏ္ဍကို များစွာအလေးထား

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် လူငယ်ကဏ္ဍကို များစွာအလေးထားပြီး ဦးစားပေးကဏ္ဍအဖြစ် ကြိုးပမ်းဆောင်ရွက်နေရာ လူငယ်ကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများကို ဒေသတွင်းနိုင်ငံများနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လိုပါ ကြောင်း၊ မြန်မာတို့၏ ရိုးသားဖြူစင်မှုနှင့် စေတနာသဒ္ဓါတရား ထက်သန်မှုတို့နှင့်အတူ မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမွန်မှုကို ပြသလိုပါကြောင်း ဆွေးနွေးပြောကြားပြီး အနာဂတ်ကာလတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

ဆုများရရှိခဲ့

အဆိုပါ ကလေးများအတွက် အရှေ့တောင်အာရှပွဲတော် (SEAVFC) ကို ၂၀၁၇ ခုနှစ်မှစ၍ သုံးကြိမ် ကျင်းပခဲ့ရာ ပြိုင်ပွဲတိုင်းတွင် မြန်မာနိုင်ငံမှဆုများရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က ပညာရှင်အဆင့် ပြိုင်ပွဲတွင် ဒါရိုက်တာ ကျော်နှင်းဆီ၏ May The Fragrance of Thanakha Last (သနပ်ခါးရနံ့လေး အစဉ်မွှေးစေလို) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဗီဒီယိုဇာတ်လမ်းဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင်အဆင့်တွင် မစုလင်းလဲ့က Everyday Heores ဗီဒီယိုဇာတ်လမ်းတိုနှင့် အသက် ၁၃ နှစ်မှ ၁၆ နှစ် ဝါသနာရှင်အဆင့်တွင် မစုလတ်ရွှေရည်ဇော်က Smile ဗီဒီယို ဇာတ်လမ်းတိုတို့ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်က အသက် ၉ နှစ်မှ ၁၂ နှစ် ဝါသနာရှင် အဆင့်ပြိုင်ပွဲတွင် မောင်အာကာမင်းခန့်ကလည်းကောင်း ဆုများရရှိခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိလစ်ပိုင်နိုင်ငံ အငြိမ်းစားသံအမတ်ကြီး Ambassador Minda C. Curz နှင့် ဖိလစ်ပိုင်နိုင်ငံ Anak TV ရုပ်သံဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် SEAVFC ဥက္ကဋ္ဌ Ms. ELVIRA YAP Go နှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြသည်။

သတင်းစဉ်