ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
သတင်းထုတ်ပြန်ချက်
လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေပါသည်။ ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ်ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန်အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းဖြစ်ပေါ်နေသောသတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။ နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁ဝ) နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် (၁၅) တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို (၆) လအတွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေနှင့်ကိုက်ညီမှုမရှိပဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် လက်ရှိလည်း အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်ပေါ်နေသောသတင်းများသည် ကောလာဟလ သတင်းများသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၂၆-၂-၂၀၂၄)