Skip to main content

ဈေးကွက်ခိုင်မာမှုရရှိထားသည့် ရေဦးဒေသထွက် စားသောက်ကုန် ချင်း (ဂျင်း) ပြားနှပ်လုပ်ငန်း

တွေ့ဆုံမေးမြန်း - သန်းသန်း (ရေဦး)

မြေပြန့်ဒေသမြို့တစ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့သည် စိုက်ပျိုးရေးလုပ်ငန်းသာမက မြို့၏အဓိကစား‌သောက်ကုန်များဖြစ်သော ပဲငါးပိ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ မုန့်မျိုးစုံ လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင်စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသည့် မြို့ငယ်တစ်မြို့ဖြစ်ပါသည်။

ဒေသထုတ်ကုန်များအနက် ဒေသထွက်စားသောက်ကုန်တစ်မျိုးဖြစ်သည့် ချင်းပြားနှပ်လုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်စိန်နှင့် တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်-

မေး။ ။ ချင်းပြားနှပ်လုပ်ငန်းကို ဘယ်နှခုနှစ်က စတင်လုပ်ကိုင်ခဲ့တယ်ဆိုတာလေးသိပါရစေ။

ဖြေ။ ။ ချင်းပြားကို ၂၀၁၄ ခုနှစ်က စတင်စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။

မေး။ ။ ချင်းပြားနှပ်လုပ်ငန်း စတင်လုပ်ကိုင်ချိန်က ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရတယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ ။ ချင်းပြား စတင်ထုတ်လုပ်ရောင်းချခဲ့စဉ် က လက်ဖက်ညွန့်နှပ်၊ လက်ဖက်ထောင်းနှပ်၊ ချင်း (ဂျင်း) ပေါက်၊ ခုနစ်ထွေကြော်၊ ပဲကြော်နဲ့ တွဲဖက်‌ရောင်းချခဲ့တယ်။ ချင်း (ဂျင်း) ပြားနှပ်တစ်ခုတည်း ပြုလုပ်ခဲ့တာမဟုတ်ဘဲနဲ့ တွဲဖက်လုပ်ကိုင်ခဲ့တယ်။ နောက်မှစားသုံးသူတွေ သိလာပြီး ချင်း (ဂျင်း) ပြားနှပ်ဆိုတဲ့ နာမည်ရလာပါတယ်။ ချင်း(ဂျင်း)ပြားရဖို့ ဓားနဲ့ပါးပါးလှီးရတယ်။ လက်ထိုးဆိုပါတော့၊ ချင်း (ဂျင်း) ပြား ထိုးတဲ့သူကလည်း ရှားတယ်။ ချင်း (ဂျင်း) ပေါက်ပဲ ထိုးကြတာဆို‌တော့ ကိုယ်တိုင် ချင်း(ဂျင်း) ပြားထိုး (လက်လှီး) ရတယ်။ မိသားစုတစ်ပိုင်တစ်နိုင်အနေနဲ့ ချင်းပြားလက်ထိုး(လက်လှီး) ကို တစ်ရက် သုံးပိဿာ လောက်ထိုးပြီး စမ်းရောင်းကြည့်ခဲ့ပါတယ်။ စမ်းရောင်းရင်းနဲ့ ၂၀၁၇ ခုနှစ်မှာ ချင်း(ဂျင်း)ပြားနှပ် လုပ်ငန်းက နာမည်စရလာပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာနဲ့ မြစ်ကြီးနားမြို့တွေအထိ ဖြန့်ဖြူးပို့ဆောင်ရောင်းချ နေရာယူနိုင်ခဲ့ပါတယ်။ ရောင်းအားတက်လာခဲ့သလို လုပ်ငန်းတွင်ကျယ်လာတော့ လက်မှုလုပ်ငန်းကနေ စက်မှုလုပ်ငန်းကို ၂၀၂၂ ခုနှစ်မှာ လုပ်သားငါးဦး ငှားရမ်းလုပ်ကိုင်ခဲ့ပါတယ်။

မေး။ ။ ချင်းပြားနှပ် ဈေးကွက်မှာနာမည်ရလာ ပုံနဲ့ တိုးချဲ့လုပ်ကိုင်ခဲ့ပုံပါကိုလည်း သိပါရစေ။

ဖြေ။ ။ ဈေးကွက်မှာ ရောင်းအားနည်းတော့ လူသိနည်းခဲ့သလို စားသုံးသူတွေကလည်း ချင်းပြားရဲ့အရသာကိုသိသူ နည်းနေကြသေးတယ်။ ပွဲလမ်းသဘင်၊ အလှူပွဲ၊ မင်္ဂလာပွဲ တွေမှာလည်း အသုံးနည်းကြတယ်။ ဘယ်လိုနေရာတွေမှာ စားသုံးကြသလဲဆို ရပ်ဝေးရပ်နီးက မိတ်ဆွေအပေါင်းအသင်းတွေလာတဲ့အခါ အိမ်မှာ ဧည့်ဝတ်ကျေပွန်စေဖို့ ဧည့်ခံကျွေးမွေးတဲ့နေရာမှာ အသုံးများတယ်။ ရေဦးဒေသထွက်ကုန်အဖြစ် ဝယ်ယူပြီး လက်ဆောင်ပေးကြတယ်။ တချို့က ချင်းပြားနှပ်ဆိုတာကို မသိကြဘူး၊ စားဖူးအောင်ဆိုပြီး စားလိုက်တဲ့ အခါမှ အရသာရှိတာသိသွားပြီး အကြိုက်တွေ့လာတယ်။

မေး။ ။ ချင်းပြားနှပ် ထုတ်လုပ်နိုင်ဖို့အတွက် ကုန်ကြမ်းတွေ ဘယ်လိုမှာယူရတယ်၊ ချင်းတက်တစ်ပိဿာကို ဘယ်ဈေးနဲ့ ၀ယ်ရတယ်ဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ချင်းပြားနှပ် ထုတ်လုပ်ဖို့ရာအတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ချင်းတက်အစိမ်းကို မှာယူရပါတယ်။ လုပ်ငန်းစတင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ချင်းတက်တစ်ပိဿာကို ငွေကျပ် ၃၅၀ နဲ့ ဝယ်ရပါတယ်။

မေး။ ။ ချင်းပြားနှပ် ထုတ်လုပ်ပုံအဆင့်ဆင့် ကိုလည်း မျှဝေပေးပါလား။

ဖြေ။ ။ ချင်းပြားနှပ် ထုတ်လုပ်နိုင်ဖို့အတွက် ပထမဆုံး ချင်းတက်အကြီး၊ အလတ်၊ အသေး ခွဲထုတ်ရတယ်။ ချင်းစိမ်းကို သဲ၊ ဖုန်၊ ရွှံ့ စတာတွေ ကုန်စင်တဲ့အထိ သန့်ရှင်းစင်ကြယ်အောင် သုံးကြိမ်ထက်မနည်း ရေအထပ်ထပ် ပွတ်သပ်ဆေးကြောပေးရတယ်၊။ ‌သန့်ရှင်းပြီး ဖွေးလာတဲ့ ချင်းစိမ်းတွေကို ဆန်ခါနဲ့ဆယ်၊ ရေစစ်ထားပြီးမှ ချင်းပြားထုတ်စက်ထဲမှာ ထည့်ရပါတယ်။ ထွက်လာတဲ့ ချင်းပြားတွေကိုလည်း ရေနောက်တစ်ခါထပ် ဆေးပေးရတယ်။ ရေကလည်း အဓိကကျပါတယ်၊ ရေသန့်နဲ့ဆေးရင် ချင်း(ဂျင်း)ပြားက ဖွေးပြီးရောင်းတန်း ဝင်လှလာတယ်။ ချင်းပြားတစ်ပိဿာကို ရှလကာရည် တစ်ပိဿာနှစ်ဆယ့်ငါးကျပ်သားနဲ့ ဆား၊ ဟင်းခပ်မှုန့် သင့်ရုံ ထည့်နယ်ပြီး စဉ့်အိုးထဲမှာ‌ ရေမြုပ်တဲ့အထိထည့်ကာ လေလုံအောင်ဖုံးအုပ်နှပ်ထားရပါတယ်။ နှပ်ပြီး ၂၄ နာရီ ကြာရင် ချင်းပြားစားသုံးလို့ရပါပြီ။ တစ်ပတ်ခန့် နှပ်ထားရင်တော့ ချင်းပြားက ပိုပြီးအရသာကောင်းတယ်၊ ကြာရှည်အထားခံတယ်။ ချင်းပြားကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံးတစ်လ၊ အများဆုံးငါးလခန့်အထိ ကြာရှည်ခံကာစားသုံးလို့ရပါတယ်။ ဓာတုဆိုးဆေး၊ ချွတ်ဆေးလုံးဝမသုံးပါဘူး၊ ကြာရှည်အထားခံပြီး အရသာလည်း ကောင်းမွန်တော့ လူကြိုက်များ လာကြတယ်။

မေး။ ။ ချင်းပြားကို ဈေးကွက်မှာ လက်လီ၊ လက်ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နေတယ်ဆိုတော့ ပြည်တွင်းဘယ်မြို့တွေအထိ ဖြန့်နေပါသလဲ။ ဖြန့်ဖြူးရောင်းချပေးတဲ့ ဈေးနှုန်း လေးတွေကိုလည်း သိပါရစေ။

ဖြေ။ ။ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ရောဂါမဖြစ်မီ ကာလက ရေဦးမြို့နယ် အတွင်းသာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင်ပြည်နယ် စတဲ့မြို့တွေအထိ ဖြန့်ဖြူးရောင်းချရပါတယ်။ မန္တလေးမြို့က အများဆုံးဖြန့်ဖြူးပို့‌ဆောင်ရောင်းချတဲ့ မြို့လည်းဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ကုန်ကြမ်းဝယ်ယူရရှိမှုအပေါ်မှာပဲ မူတည်ပါတယ်။ အရင်က ချင်းတက် တစ်ပိဿာကို ငွေကျပ် ၃၅၀ နှုန်း ဝယ်ယူရစဉ်က ချင်းပြားနှပ်တစ်ပိဿာ ငွေကျပ် ၂၀၀၀ နဲ့ ရောင်းပါတယ်။ အခုချင်းတက်အစိမ်း တစ်ပိဿာ ငွေကျပ် နှစ်ထောင်မှ သုံးထောင်မှာ ချင်းပြားနှပ် တစ်ပိဿာ ငွေကျပ် ၈၀၀၀ နဲ့ ရောင်းချလျက်ရှိပါတယ်။ ချင်းတက်အစိမ်း တစ်ပိဿာကို ထိုး(လှီး)လျှင် ချင်းပြားငါးဆယ်ကျပ်သားပဲ ထွက်ပါတယ်။ အရင်က တစ်ရက်ကို ချင်းပြားနှပ်ပိဿာချိန် တစ်ရာခန့် ရောင်းရပါတယ်။ အခုအချိန်မှာတော့ ကုန်ဈေးနှုန်းက အစစအရာရာကြီးမြင့်နေသလို လမ်းပန်းဆက်သွယ်ရေးတွေကလည်း ခက်ခဲနေတာက တစ်ကြောင်း၊ ဒေသအခြေအနေက မတည်ငြိမ်သေး တာကတစ်ကြောင်း၊ သွားလာဖို့ အချိန်ကာလ မလုံလောက်တာတွေကြောင့် တစ်ရက်ကို ပိဿာချိန် ၅၀ ပဲ ဖြန့်ဖြူးရောင်းချနိုင်ပါတယ်။

မေး။ ။ အခုလို ချင်းပြားနှပ်လုပ်ငန်းနဲ့ လူမှုစီးပွားတိုးတက်လာဖို့ ဘယ်လိုကြိုးစား လုပ်ကိုင်ရပ်တည်ခဲ့ရတယ်ဆိုတဲ့ ဘဝအတွေ့အကြုံရယ်၊ ဈေးကွက်မှာ နာမည်ရဖို့ ကြိုးစားအားထုတ်ခဲ့ရပုံနဲ့ အောင်မြင်မှုရရှိခဲ့ပုံကိုလည်း အနည်းငယ်ပြောပြပေးပါ။

ဖြေ။ ။ ချင်းပြားနှပ်က အခုမှနာမည်ရလာတာပါ။ ဘဝရပ်တည်မှုကို ပြောရရင်တော့ လက်လုပ်လက်စားဘဝကနေ စတင်ခဲ့ရပါတယ်။ မုန့်တီ၊ အစုံသုပ်ရောင်းတယ်၊ ချင်းထိုးတယ်၊ ကုန်စုံဆိုင်မှာ အငှားဈေးရောင်းအလုပ်ဝင်လုပ်ခဲ့တယ်၊ ရတဲ့လုပ်အားခတစ်ဝက်ကို စုပြီး ကျန်တစ်ဝက်ကို မိဘထံအပ်ခဲ့တယ်၊ စုဆောင်းထားတဲ့ငွေလေးတွေနဲ့ မတည်လုပ်ကိုင်ရင်း အခုလိုအောင်မြင်ခဲ့တာပါ။ ဘယ်အရာမှ ကြိုးစားမှု မှတ်တမ်းမရှိဘဲ အောင်မြင် မှုပန်းတိုင်ဆီ မရောက်နိုင်ပါဘူး။ အဓိကကတော့ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိဖို့ရယ်၊ စားသုံးသူတွေအပေါ် စေတနာထားတတ်ဖို့ပါ။ စေတနာကောင်းရင် ကံကောင်းတယ်ပြောရမှာပါ။ အောင်မြင်ချင်ရင် တကယ်ကြိုးစားပါ၊ အဟုတ်ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။