Skip to main content

တရားမဝင် ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် RIALTO Porcelain Tile ၃၇၇၁ ဒသမ ၃၆ စတုရန်းမီတာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၅၉၉၂၈၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Plastic Packing Foil Printed For Soft Drink ကီလိုဂရမ် ၃၅၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၈၃၇၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၃၆၂၈၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်- မန္တလေးလမ်းကြောင်း၊ ကျောက်ဆည် မြို့ရှောင်လမ်းအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ကီလိုဂရမ် ၂၇၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၀၀၀၀၀)နှင့် အဆိုပါ ကြက်သွန်ဖြူများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့အဝင် မြစ်ငယ်တိုးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Fashion ပါဆယ်အိတ် ကီလိုဂရမ် ၉၉၆၀၊ Polyester Cotton Fabric ၆၅၃ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၃၀၆၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီးနှင့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၃၀၆၈၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

ငွေကျပ် ၁၅၁၁၀၂၈၀၀ သိမ်းဆည်းရမိ

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောင်မင်္ဂလာ အဝေးပြေးကား ဝင်းရွှေတောင်ရိုးကားဂိတ်နှင့် ကားဝင်းအတွင်း ဝင်ရောက်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် Sir Edward’s ဝီစကီ ၄၀၈ ပုလင်း၊ Ostonil Tablets အရိုးအကြော ဆေးဘူး ဘူး ၁၅၀၊ Napoli စီးကရက် အတောင့် ၅၀၀၊ Lacto-soy ပဲနို့ဘူး ၁၄၀၄၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၂၁၅၂၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀) ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် (၁) ရပ်ကွက်ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Maximus Beer ၁၈၉၆ ဘူး အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၉၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၁၁၀၂၈၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီ ၂၂ ရက် နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၅၈၄၅၈၈၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်