နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်တစ်ခုအဖြစ် အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကြည့်ရှုကုသပေးသည့် အထူးကုပြင်ပလူနာဌာန ကြည့်ရှုမှုအချိန်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှစတင်၍ တိုးမြှင့်ဆောင် ရွက်ပေးလျက်ရှိပြီး ယခင်ကနံနက်ပိုင်းသာ ကြည့်ရှုကုသပေးနိုင်ရာမှ ယခုအခါမွန်းလွဲပိုင်းအထိ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးများနှင့်ပြသလိုပါက ဒေသန္တရဆေးခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ရောဂါအမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို့ ညွှန်းပို့သည့်စာ(referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပလူနာဌာနများတွင်နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်းမပြုမီ မိမိတို့ပြသလိုသော ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာအချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူအလွယ်တကူသိရှိနိုင်အောင် Vinyl/board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦးစီးဌာန Website စာမျက်နှာ www.doms.gov.mm ၌ ဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်