Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

အထူးကုသမှုများ (Super Speciality)လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့်ကုသမှုများကို မိမိတို့ဒေသ၌ လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး - မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး - မန္တလေးတို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ်သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းရှစ်မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၃၈ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၂၁ ဦး၊ ရင်ခေါင်း ဆေးကုသမှုဆိုင်ရာလူနာ ၄၃ ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလူနာ ၁၅၃ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ ၁၀၉ ဦး၊ ဦးနှောက်နှင့် အာရုံ ကြောဆေးကုသမှုဆိုင်ရာလူနာ ၉၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၉ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၅၉ ဦး၊ အရိုး​အကြောအဆစ်ရောဂါလူနာ ၆၂ ဦး၊ အရိုးရောဂါ လူနာ ၁၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၁၄ ဦး၊ ကလေးနှလုံးရောဂါလူနာ ၃၅ ဦး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၃၉ ဦး၊ အထွေထွေခွဲစိတ်ရောဂါလူနာ ၁၃ ဦး၊ သားဖွားမီးယပ်ရောဂါလူနာ ၂၆ ဦး၊ သွားနှင့်ခံတွင်း လူနာ ၁၇ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၄၈ ဦး၊ အရေပြားရောဂါလူနာသုံးဦး စုစုပေါင်း လူနာ ၁၂၄၁ ဦးတို့ကို ကြည့်ရှု ကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) ၈၁ ဦး၊ အစာအိမ် နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၂၂ ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်းလေးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း ၁၇ ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) ၁၉ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၉၇ ဦး၊ ဓာတ်ခွဲစမ်းသပ်သူ ၂၈၃ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၅၄ ဦး၊ Ultrasound ရိုက်ကူး ခြင်း ၉၈ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၂၅၇ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာခွဲစိတ်ကုသမှု ၃၉ ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၂၅ ဦး၊ ကလေးနှလုံးရောဂါလူနာ လေးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ၄၄ ဦး၊ အထွေထွေခွဲစိတ်ကုသလူနာ တစ်ဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးနိုင် ခဲ့ပြီး ဦးခေါင်းတွင်း သွေးခဲလူနာတစ်ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆိုပါအစီအစဉ်နှင့်အတူကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကိုဆောင်ရွက်ပေးခဲ့ရာ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင်စုစုပေါင်း ၇၀ တို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အထူးကုဆေးကုသရေးအစီအစဉ် ဆောင်ရွက်ရာနေရာသို့လာရောက်၍ လာရောက်ပြသကုသမှုခံယူကြသောလူနာများကို ကြည့်ရှုအားပေးစကားပြောကြားပြီး ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားကာ အထူးကု ဆေးကုသရေးအစီအစဉ်အတွက် အလှူငွေပေးအပ်လှူဒါန်းသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှု ဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၄ ခုနှစ်နှစ်ဆန်းမှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခုမြစ်ကြီးနားမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရသည်။     

သတင်းစဉ်