ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ထားကြသည်။ နိုင်ငံတော်ကာကွယ်လိုသည့် စိတ်ဓာတ်မွေးဖွားပေါ်ပေါက်စေသည့် ကနဦးအခြေခံပညာအဆင့်တွင် ကင်းထောက်လူငယ်များအဖြစ်လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင် တက္ကသိုလ်အရန်တပ်ရင်းဟု ခေါ်ဆိုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်များအဖြစ်လည်းကောင်း လေ့ကျင့်သင်ကြားပေး လေ့ရှိသည်။ ထိုသို့လေ့ကျင့်သင်ကြားပေးရာတွင် ကျောင်းသား ကျောင်းသူများ စစ်ပညာသင်ကြားတတ်မြောက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရွေးချယ်လေ့ကျင့် သင်ကြားပေးခဲ့သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်စတင်ပေါ်ပေါက်ပြီး တစ်နှစ်ခွဲအကြာ ၁၉၂၂ ဇွန်လတွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း (University Training Corps)ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ ဇွန်လတွင် အိန္ဒိယနယ်မြေတပ်ဖွဲ့ ဥပဒေအရ အမှတ် (၆) မြန်မာပြည်တပ်ရင်း၊ တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၂၂ ခုနှစ် မှ ၁၉၄၂ ခုနှစ်အထိ တက္ကသိုလ်အရန် တပ်ရင်းလေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ် ကာလ ၁၉၄၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်း၏ ဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့သည်။ ၁၉၅၂ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တက္ကသိုလ်အရန် တပ်ရင်း (ရန်ကုန်) ကို ပြန်လည်ဖွဲ့စည်းခဲ့၍ ၁၉၆၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) အား ဖွဲ့စည်းပုံအရ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ အမှတ် (၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ထို့မှတစ်ဖန် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေး တပ် (မန္တလေး) နှင့် အမှတ် (၃) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မော်လမြိုင်) တို့ကိုလည်း ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်လေ့ကျင့်ရေးတပ် ရှစ်ခုရှိပြီး ခုနစ်ခုသည် လေ့ကျင့်ရေးသင်တန်းများအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တောင်၊ ပုသိမ်၊ တောင်ငူ တို့တွင် UTC များရှိပြီး လက်ရှိပုသိမ်မြို့တွင် ဖွင့်လှစ်လျက်ရှိသည်။
တပ်မတော်အင်အားရှိမှ တိုင်းပြည်စွမ်းအား တောင့်တင်းခိုင်မာမည်ဖြစ်ရာ ထိုသို့ တိုင်းပြည်အင်အားတောင့်တင်း ခိုင်မာမှုသည် ကျောင်းသား၊ လူငယ်တို့၏ လက်ဝယ်တွင် တည်ရှိလျက်ရှိသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသော စိတ်ဓာတ်သည် စစ်ပညာကာကွယ်ရေး လေ့ကျင့်သင်ကြားမှုမှ မွေးဖွားလာလေ့ရှိရာ နိုင်ငံ့ခေါင်းဆောင်များစွာကို မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်(UTC)မှ တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံတို့ကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒေါက်တာတင်မောင်ထွန်း(ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ)
တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) ကို တက်ရောက်ခွင့်ရတဲ့အတွက် ခန္ဓာကိုယ်သန်စွမ်းမှု၊ ကျန်းမာရေးကောင်းမွန်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိလာခြင်း၊ အမိန့်နာခံတတ်မှုနဲ့ စည်းကမ်းကောင်းမွန်လာခြင်း၊ အဖွဲ့လိုက်ဆောင်ရွက်ရတဲ့အတွက် ခေါင်းဆောင်မှု အခြေခံသဘောတရားကို သိရှိနားလည်မှုမှ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ထားဖြစ်ပေါ်လာခြင်း၊ လက်နက်ငယ်များကို ကိုင်တွယ်ပစ်ခတ်တတ်လာတဲ့အပြင် တပ်ကြပ်အဆင့် စစ်နည်းဗျူဟာများကိုလည်း တတ်မြောက်ခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိစေပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်ပြီး မဖြစ်မနေတပ်မတော်ကို ဝင်ရောက်ရမယ်ဆိုတဲ့ သတ်မှတ်ထားတာမရှိပါဘူး။ သို့သော်လည်း တိုင်းပြည်ကာကွယ်ဖို့ ထမ်းဆောင်လိုတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်တော့ လုံလောက်တဲ့ အထောက်အကူဖြစ်စေပါတယ်။
နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမယ့် လူငယ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ တက္ကသိုလ်လေ့ကျင့်ရေးတပ်က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ စစ်ပညာနဲ့အုပ်ချုပ်မှုဘာသာရပ်တွေက စစ်ဘက်၊ အရပ်ဘက်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ စီမံခန့်ခွဲမှုဖြစ်တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ သင်တန်းတက်ရောက်ရာမှာ ခံယူချက်၊ ပြင်းပြတဲ့စိတ်နဲ့ လေ့ကျင့်သင်ကြားခံယူ မှုအပေါ်မှာ မူတည်ပြီး တစ်ချိန် မိမိအနာဂတ်ကို ပုံဖော်ရာမှာ အထောက်အပံ့ဖြစ်စေတဲ့အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပိုပြီးအကျိုးရှိစေပါတယ်။
အနာဂတ်လူငယ်တွေဟာ နိုင်ငံတော်အတွက်သာမက တပ်မတော်အတွက်လည်း အရေးပါပါတယ်။ UTC နုပျိုစဉ်အချိန်ကစပြီး ယခုရင့်ကျက်လာ တဲ့ကာလအထိ မွေးထုတ်ပေးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်လာ တဲ့အချိန်မှာ တက္ကသိုလ်လေ့ကျင့်ရေးတပ်များက ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ အစဉ်အလာရှိခဲ့ပြီးသားပါ။ ဒါကြောင့် တက္ကသိုလ်အရန်တပ်ရင်းများက ထိုသို့သောပုဂ္ဂိုလ်များ ပေါ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝကတည်းက UTC ရှိနေ တာဖြစ်တဲ့အတွက် ထိုတပ်ရင်းများက ထွက်ပေါ်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များဟာ ယနေ့ဌာနအသီးသီးမှာ နိုင်ငံ့တာဝန်ထမ်းဆောင်နေတာကို တွေ့ရမှာပါ။ နိုင်ငံအတွင်းက ကျောင်းသား ကျောင်းသူနဲ့ ပြည်သူများအားလုံး အမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကိုယ်စီရှိကြပါတယ်။ လိုအပ်ရင် လိုအပ်သလို နိုင်ငံတာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်သင်ကြားပေးနိုင်တဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ လေ့ကျင့်သင်ကြားဖို့ ကျောင်းသား ကျောင်းသူတွေကို တိုက်တွန်းလိုပါတယ်။ UTC ဟာ နိုင်ငံသားကောင်းများစွာကို မွေးထုတ်ပေးနေတဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဗိုလ်ကြီးမင်းဝင်းမွန် (အမှတ် (၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်မှူး)
တက္ကသိုလ်အရန်တပ်ရင်းကို ကိုလိုနီခေတ် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရပ်ဆိုင်းသွားပြီးတော့ ၁၉၅၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပါတယ်။ အမှတ် (၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်အနေနဲ့ ၂၀၁၄ ခုနှစ်မှ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေးတပ်ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က စာသင်ကာလ ပြီးဆုံးသွားချိန်မှာ တပ်မတော်မှာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သင့်လျော်တဲ့ သင်တန်းတစ်ခု သင်ကြားပေးနိုင်ဖို့၊ သင်တန်းတက်ရောက်ပြီးတဲ့ ကျောင်းသား ကျောင်းသူများဟာ နိုင်ငံတော်အရေးကြုံလာချိန်မှာ စုဆောင်းထားရှိဖို့ ဖြစ်ပါတယ်။
UTC သင်တန်းကို နှစ်မျိုးခွဲပြီး လေ့ကျင့်သင်ကြားပေးပါတယ်။ ပထမသင်တန်းက အခြေခံစစ်ပညာသင်တန်းပါ။ နောက်တစ်မျိုးက တန်းမြင့်စစ်ပညာသင်တန်းပါ။ အခြေခံကို အောင်မြင်ပြီးရင် တန်းမြင့်စစ်ပညာကို တက်ရောက်သင်ကြားခွင့်ရပါတယ်။ အခြေခံစစ်ပညာသင်တန်းကို တပ်သားကြီးအဆင့်အထိ လေ့ကျင့်ပေးပြီးတော့ တန်းမြင့်စစ်ပညာသင်တန်းကို အကြပ်အဆင့်အထိ သင်ကြားပေးပါတယ်။ သာမန်သင်တန်း ချိန်မှာ ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေကို ခရီးအကွာအဝေးပေါ် မူတည်ပြီး ခရီးစရိတ်ပေးပါတယ်။ စစ်ဝတ်စုံကိုးမျိုးလည်း ထုတ်ပေးပါတယ်။
ရက် ၃၀ ထက်မပိုတဲ့ စခန်းချလေ့ကျင့်ရေးကာလဆိုရင် သင်တန်းသားများရဲ့ ရာထူးအဆင့်အလိုက် လစာနဲ့ရိက္ခာလည်းပေးပါတယ်။ UTC သင်တန်းဟာ သူတို့ရဲ့ဆန္ဒအရ တက်ရောက်ခွင့်ရတဲ့ သင်တန်းတစ်ခုပါ။ နိုင်ငံချစ်စိတ်၊ တပ်မတော်ကို ချစ်မြတ်နိုးစိတ်၊ တပ်မတော်သားများရဲ့ဘဝကို သိရှိခံစားလိုတဲ့စိတ်၊ ကိုယ်ချင်းစာနာတတ်တဲ့ စိတ်တွေနဲ့ သင်တန်းတက်ရောက်ကြတဲ့ UTC ကျောင်းသား ကျောင်းသူများလည်း ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အရန်ဆိုတာရှိပါတယ်။ ဥပမာအားဖြင့် အမျိုးသားအကျိုးစီးပွားအတွက် ရွှေကို အရန်အဖြစ်စုတာ၊ မဟာဗျူဟာမြောက်စွမ်းအင်အတွက် ရေနံကို အရန်ထားတာ၊ အင်အားကြီးနိုင်ငံတွေဆိုရင် မဟာဗျူဟာမြောက် တွင်းထွက် ပစ္စည်းတွေဖြစ်တဲ့ လေယာဉ်ထုတ်လုပ်တဲ့ သတ္တုတွေ၊ ဒုံးကျည်ထုတ်လုပ်တဲ့ သတ္တုတွေကို အရန်အဖြစ်ထားရှိလေ့ ရှိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဆိုရင်လည်း တိုင်းပြည်ကာကွယ်ရေးအတွက် UTC က လေ့ကျင့်ပြီးသား အရန်တပ်ဖွဲ့ဝင်များကို အရန်အဖြစ် စုဖွဲ့ပေးတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး မျိုးချစ်စိတ်ရှင်သန်ထက်မြက်နေမှ နိုင်ငံတော်ကို ကာကွယ်နိုင်မှာဖြစ်ပါ တယ်။ အထူးသဖြင့် UTC တပ်ဖွဲ့ဝင်တွေဟာလည်း မျိုးချစ်စိတ်ထက်သန်ဖို့လိုပြီး UTC ကို ဝင်ရောက်လာသူများဟာလည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး ဝင်ရောက်လာ သူတွေပဲဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဟာ UTC တက်ရောက်ပြီး စစ်တက္ကသိုလ် တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ယခုအဆောက်အဦရှေ့မှာပဲနည်းပြ ဆရာနဲ့ သင်တန်းတက် ကျောင်းသားတွေ စုပေါင်းမှတ်တမ်းတင်ထားတာလည်း ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း အပါအဝင် နယ်ဘက်တွေမှာလည်း တာဝန်ထမ်းဆောင်နေတဲ့ UTC ကျောင်းသားဟောင်း များစွာရှိနေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်တဲ့အတွက် အမိနိုင်ငံကို ကာကွယ်ဖို့ မွေးရာပါ တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။
ဦးဇင်မောင်ဦး(ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန တွဲဖက်ပါမောက္ခ)
တက္ကသိုလ်လေ့ကျင့်ရေးတပ် ပြန်လည်ဖွင့်လှစ်ချိန် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေး) ဖွင့်လှစ်ချိန်ကစပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သင်တန်းတက်ရောက်တဲ့ ကျောင်းသား ကျောင်းသူတွေဟာ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ တက်ရောက်သင်ကြားခြင်းဟာ တပ်မတော်က သင်ကြားပေးတဲ့ သင်တန်းတွေဖြစ်တာကြောင့် အမိန့်နာခံတတ်မှု၊ ဒါပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့ အချိန်ခွဲဝေသုံးစွဲတတ်မှု စတဲ့အကျင့်ကောင်းတွေကို ရရှိစေပါတယ်။ စစ်သင်တန်းတွေက ပေးလိုက်တဲ့ အခြေခံစစ်ရေးသဘောတရားတွေဟာ အခြားသောနေရာတွေမှာ အသုံးချဆောင်ရွက်နိုင်တာကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာတုန်းက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) ပိတ်ထားတဲ့ ကာလတစ်ခုဖြစ်နေတော့ တက္ကသိုလ်ကျောင်းဆရာဘဝကို ရောက်လာချိန် UTC ပြန်ဖွင့်ချိန်မှာ UTC ကို ဝင်ဖြစ်ခဲ့တယ်။ UTC ဟာ လူငယ်တွေအတွက် အလွန်လိုအပ်တဲ့ သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။ အခြေခံစစ်ရေးပြသင်တန်း၊ လက်နက်ငယ် လေ့ကျင့်မှုသင်တန်း၊ စခန်းချလေ့ကျင့်ရေးအစီအစဉ်တွေ၊ တပ်မတော်ရဲ့ အခြေခံစစ်ရေးသဘော တရားတွေ၊ စခန်းဝင်လေ့ကျင့်မှုအစီအစဉ်တွေ၊ တပ်ဖွဲ့ပုံစံလေ့ကျင့်မှု အစီအစဉ်များနဲ့ စစ်ရေးပြလက်နက်ငယ် စတဲ့ဘာသာရပ်များကို သင်ကြားပေးတဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပညာဟာ နိုင်ငံသားတိုင်းတတ်ထားရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒါကို တတ်မြောက်ထားခြင်းအားဖြင့် မိမိကိုယ်ကို မိမိကာကွယ်နိုင်မယ်၊ မိမိရဲ့ရပ်ရွာ၊ မြို့နယ်ကို ကာကွယ်နိုင်မယ်။ ပြီးရင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့အဆင့်ထိ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေလို့ပါ။
ဒေါ်မေသူငြိမ်း (ရန်ကုန်ပညာရေး တက္ကသိုလ်၊ အမှတ် (၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ခွဲမှူး)
တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ သင်တန်းတက်ရောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအပြင် ကိုယ်ကာယကျန်းမာကြံ့ခိုင်မယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာဆိုရင်လည်း ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်မယ်၊ မိမိကိုယ်ကို ယုံကြည်စွာ ဆောင်ရွက်နိုင်တဲ့ ယုံကြည်မှုတွေ ရရှိစေပါတယ်။ လူမှုဆက်ဆံရေးအပိုင်း ဆိုရင်လည်း အစုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ရရှိစေပါတယ်။ တက္ကသိုလ်အသီးသီးက လာရောက်တက်ကြတဲ့ ကျောင်းသားတွေကို ခေါင်းဆောင်ပြီး ကြီးကြပ်ကွပ်ကဲရတဲ့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ခေါင်းဆောင်မှုကောင်းအရည်အသွေးနဲ့ စီမံခန့်ခွဲမှုပိုင်းကိုလည်း သင်တန်းသားများ တတ်မြောက်စေပါတယ်။
ကျွန်မက တက္ကသိုလ်ဆရာမအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ UTC ဖွင့်ချိန်နဲ့ ကြုံကြိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ဆရာမအနေနဲ့ UTC တက်ရောက်ခဲ့ပါ တယ်။ UTC သင်တန်းဟာ အပြင်ကသင်တန်းတွေလို ငွေကြေးနဲ့တက်ရောက်လို့ရတဲ့ သင်တန်းမျိုးမဟုတ်ပါဘူး။ မိမိ တာဝန်ကျတဲ့တက္ကသိုလ်မှာ ဒီသင်တန်းဖွင့်ချိန်နဲ့ ကြုံကြိုက်မှသာ တက်ရောက်ခွင့်ရတာပါ။ UTC သင်တန်းကို တက်ရောက်ခြင်းဖြင့် တက္ကသိုလ်အသီးသီးက မတူညီတဲ့ဘာသာရပ်တွေကို သင်ကြားကြတဲ့ ဆရာ ဆရာမတွေအချင်းချင်းတွေ့ဆုံတဲ့အခါမှာ အတွေ့အကြုံတွေကို ဖလှယ်နိုင်တဲ့ အကျိုးကျေးဇူးများစွာလည်း ရရှိတယ်လို့ ခံစားမိပါတယ်။ နိုင်ငံသားများအနေနဲ့ စစ်ပညာကို သင်ယူခြင်းဟာ နိုင်ငံတော်က လုပ်ဆောင်နေတဲ့ စီမံကိန်းများမှာ အထောက်အကူတစ်စုံတစ်ရာ အကျိုးသက်ရောက်မှုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ UTC သင်တန်းမှာ စာတွေ့၊ လက်တွေ့သင်ကြားရတဲ့အပြင် တစ်နှစ်မှာတစ်ကြိမ် မိုးရာသီစခန်းဝင် လေ့ကျင့်မှုအစီအစဉ်တွေကြောင့် တောတွေ၊ တောင်တွေထဲ သွားရတာလည်းရှိပါတယ်။ ဒီအတွေ့အကြုံတွေဟာ တပ်မတော်သားတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ပိုပြီးစာနာ နားလည်မိလာစေပါတယ်။
ဦးအောင်စိုး (ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ကထိက)
UTC သင်တန်းဟာ အဓိကအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကျန်းမာကြံ့ခိုင်စေပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုရရှိစေပြီးတော့ ဘဝမှာစဉ်ဆက်မပြတ် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိဖို့ လိုပါတယ်။ UTC ဟာ ဒါတွေကို အဓိကပြုစုပျိုးထောင်ပေးပါတယ်။ ယနေ့ခေတ်မှာ တစ်ယောက်တည်း ဆောင်ရွက်ရတဲ့ အလုပ်မျိုးထက် အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတာတွေ များလာပါတယ်။ အသင်းအဖွဲ့မှာ မိမိပါဝင်တဲ့အခန်းကဏ္ဍက တစ်ခါတလေ Leader ဖြစ်မယ်၊ တစ်ခါတလေ Follower ဖြစ်မယ်။ Leader ဆိုရင်လည်း Good Leader ၊ Follower ဖြစ်ရင်လည်း ကောင်းမွန်တဲ့ Follower အဖြစ်နဲ့ တပ်မတော်ကစနစ်တကျပြုစုပျိုးထောင်ပေးပြီးသားဖြစ်တာကြောင့် အကျိုးကျေးဇူးများပါတယ်။
ဒီသင်တန်းကိုတက်ရင် ဘာအကျိုးကျေးဇူးရသလဲပေါ့။ ပညာရပ်ကတော့ မိမိအသုံးချတဲ့အပေါ်မှာ မူတည်ပါတယ်။ တက္ကသိုလ်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း ပဲဖြစ်ဖြစ် ရေရှည်အောင်မြင်တဲ့သူဖြစ်ဖို့အတွက် ကြံ့ခိုင်တဲ့စိတ်ကိုရရှိစေမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီသင်တန်းကို တက်ရောက်ခဲ့ရတဲ့ ကာလတွေမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေဆုံဆည်းပြီး အချင်းချင်းပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်ခွင့်ရကြပါတယ်။ မိတ်ဆွေတိုးတယ်။ UTC သင်တန်းကို တက်ပြီးတဲ့နောက်မှာ ကိုယ်ချင်းစာတရား၊ စာနာနားလည်မှုတွေ ဆောင်ရွက်တတ်လာတယ်။ ဒါတွေဟာ အမှတ်တရကောင်းတွေပါပဲ။ မိမိတို့နိုင်ငံအနေနဲ့ ပထဝီအနေအထားရ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ကြားမှာလည်း တည်ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံမဟုတ်တာကြောင့် အခြားအခြား သောနိုင်ငံတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံသားတိုင်း၊ ကျောင်းသား ကျောင်းသူတိုင်း စစ်ပညာတတ်မြောက်မယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ခမ်းနားတဲ့ စိတ်ဓာတ်ရှိနေမယ်ဆိုရင် ဘယ်နိုင်ငံကမှ စိုးမိုးစွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေမှာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင် ထောက်ပံ့ပေးမှသာ အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ဝင်ရောက်တာဝန်ထမ်းဆောင်မှသာ စာနာနားလည်နိုင်မှာ ဖြစ်တာကြောင့် စိတ်ခွန်အားတွေ နိုးကြားပြီး တိုင်းပြည် ကာကွယ်ရေးမှာ များစွာအထောက်အကူပြုနိုင်ပါစေလို့ တိုက်တွန်းလိုပါတယ်။
မောင်ဇွဲထက်အောင် (စတုတ္ထနှစ် ရုက္ခဗေဒ၊ ဒဂုံတက္ကသိုလ်)
တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ရှေးဘုရင် လက်ထက်ကဆိုရင် ယောကျ်ားကောင်း ယောကျ်ားမြတ်ဆိုတာ အဋ္ဌာရသ ၁၈ ရပ်ကို တတ်မြောက်ရမယ်လို့ သတ်မှတ်ထားတာပါ။
ကျွန်တော်တို့ တက္ကသိုလ်လေ့ကျင့် ရေးတပ်စတက်တဲ့ အခြေခံပထမနှစ်ကနေပြီး တန်းမြင့်ဒုတိယနှစ်အထိ လေးနှစ်ဆက်တိုက် နည်းစနစ်ကျကျ တတ်မြောက်ဖို့အတွက် တပ်မှူးဗိုလ်ကြီး မင်းဝင်းမွန်နဲ့အတူ သင်တန်းနည်းပြ အရာရှိ၊ အရာခံ၊ ဆရာကြီးတွေ ကောင်းစွာ သင်ကြားပေးခဲ့တာပါ။ ယခုလက်တွေ့ အချိန်မှာ ကိုယ်လုပ်ရမယ့်လုပ်ငန်းကိစ္စတွေ အဆင်ပြေအောင်၊ အခက်အခဲတွေ ကြုံလာတဲ့အခါမှာလည်း ဖြေရှင်းတတ်အောင်၊ အုပ်ချုပ်မှုအပိုင်းမှာလည်း ဂျူနီယာညီငယ်၊ ညီမငယ်လေးတွေကိုလည်း ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ သင်ကြားပြသပေးနိုင်တဲ့အတွက် ကျွန်တော်တို့ သင်တန်းတက်ရောက်ခဲ့ရတာ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။
ဒီသင်တန်းကို တက်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ အများတကာနဲ့ ရင်ပေါင်တန်းပြီးတော့ ဘယ်အဖွဲ့အစည်းမဆို ပါဝင်နိုင်တဲ့ စိတ်အားထက်သန်မှုကိုလည်း ရရှိလာပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကျောင်းသားလူငယ်တွေဟာ အလွန်ပဲအရေးကြီးပါတယ်။ ဥပမာအနေနဲ့ပြောရရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ လှေတစ်စင်းဆိုရင် နိုင်ငံတော်အကြီးအကဲတွေဟာ ပဲ့အနေနဲ့ ထိန်းပေးသူတွေပါ။ ရှေ့ဆက်ဖို့ဆိုတာ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အားပြိုင်လှော်ခတ်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတော်နဲ့အတူ ကိုယ်တိုင်ပါဝင်ကြိုးစားမှသာ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မှာပါ။ နိုင်ငံနဲ့ပြည်သူအကျိုးရှိစေမယ့် လုပ်ဆောင်မှုတွေကို တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မအေးငြိမ်းသူ (စတုတ္ထနှစ်ရုက္ခဗေဒ၊ ဒဂုံတက္ကသိုလ်)
ကျွန်မက ဒဂုံတက္ကသိုလ် စတုတ္ထနှစ် ရုက္ခဗေဒမှာ ပညာသင်ကြားနေတဲ့ မအေးငြိမ်းသူပဲ ဖြစ်ပါတယ်။ ကျွန်မက တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ အခြေခံဒုတိယနှစ်သင်တန်းကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်မတို့ လူငယ်တွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ကျွန်မတို့လို လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု အထူးလိုအပ်ပါတယ်။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို နိုင်ငံတော်အနေနဲ့ ယုံကြည်မှုရှိရှိနဲ့ ထောက်ပံ့ပေးစေချင်ပါတယ်။ ကိုယ်တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ကူညီဖို့ရှိနေပါတယ်။
တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်းဟာ အခြေခံစစ်ရေးသဘောတရားတွေ သင်ကြားပေးတဲ့သင်တန်းဖြစ်တဲ့အတွက် သင်တန်းတက်ပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေပါတယ်။ စည်းစနစ်ကျလာတယ်၊ အချိန်တွေကို စီမံခန့်ခွဲတတ်လာတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုပြီးတိုးတက်လာတယ်။ ယူနီဖောင်းဝတ်ထားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာတယ်။ သူများနဲ့ယှဉ်ရင် ငါဟာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ လူပါလားလို့ ခံစားချက်တွေ ဖြစ်လာတယ်။ Camp တွေ သွားတဲ့အခါမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့စိတ်တွေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ စိတ်တွေ၊ အသင်းအဖွဲ့နဲ့ နေတတ်တဲ့စိတ်တွေ၊ စုပေါင်းလုပ်ဆောင်နိုင်တဲ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူငယ်တွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်တာကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေကိုပဲ အားကိုးရမှာပါ။ ကျောင်းသားလူငယ်တွေ ဒီလိုသင်တန်းမျိုးကို တက်စေချင်ပါတယ်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေတက်ပြီးတဲ့ အခါမှာ အနည်းဆုံးတော့ မိမိကိုယ်ကို ကာကွယ်တတ်လာစေပါတယ်။ ကိုယ့်မိသားစု၊ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နဲ့ နိုင်ငံတော်ကို ကာကွယ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။ နိုင်ငံကိုချစ်တဲ့ မျိုးချစ်စိတ်တွေလည်း တက်ကြွလာစေပါတယ်။ ရန်ကုန်မှာ UTC သင်တန်းဖွင့်ရင် သင်တန်းဆက်တက်ဖို့ အသင့်ရှိနေပါတယ်။ တက်ရောက်သင်ကြားဖို့လည်း တိုက်တွန်းလိုပါတယ်။ အနည်းဆုံးတော့ မိမိနိုင်ငံအကြောင်း၊ တပ်မတော်သားတွေ တိုင်းပြည်အတွက် ဘယ်လိုကာကွယ် ပေးနေတယ်ဆိုတာ တစ်စိတ်တစ်ဒေသဖြစ်စေ၊ လက်တွေ့ကျကျဖြစ်စေ နားလည်သဘောပေါက်လာစေမှာပါ။
အင်တာဗျူး - သတင်းအဖွဲ့