Skip to main content

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်း၀င် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေရှိ အဆိုပါစေတီတော်ဝင်းအတွင်း၌ ကျင်းပသည်။

ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။

ပရိတ်တရားတော်များနာယူ

ထို့နောက် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကိုကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သီရိမင်္ဂလာကမ္ဘာ အေးစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်)ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်(၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။

ထို့နောက် ဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်) ဆရာတော်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆွမ်းဆန်စိမ်းလောင်းလှူ

ယင်းနောက် မြတ်စွာဘုရားရှင်နှင့်အဂ္ဂသာဝက ရဟန္တာအရှင်မြတ်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။

ကိုကိုဇော်(သတင်းစဉ်)