Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီလ ၂၅

အထူးကုသမှုများ (Super Speciality) လိုအပ်သောပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်/ မန္တလေး/ နေပြည်တော်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ်သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၈) မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာရောဂါ၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါ၊ အရိုး​အကြောအဆစ်ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးနှလုံးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ အထွေထွေခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွားနှင်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရေပြားရောဂါ၊ စုစုပေါင်း လူနာ (၁,၂၄၁) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပါသည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography)၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS)၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan)၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း၊ ဓာတ်ခွဲစမ်းသပ်သူ၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) တို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ခွဲစိတ်ကုသမှု (၃၉) ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သောလူနာများကို မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဦးခေါင်းတွင်း သွေးခဲလူနာ (၁) ဦးအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်နှင့်အတူ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင် စုစုပေါင်း (၇၀) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၂၄) ရက် နေ့နှင့် (၂၅) ရက်နေ့တို့တွင် အထူးကုဆေးကုသရေးအစီအစဉ်ဆောင်ရွက်ရာနေရာသို့ လာရောက်ကာ လာရောက်ပြသကုသမှု ခံယူကြသောလူနာများအား ကြည့်ရှုအားပေးခဲ့ပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ အထူးကုဆေးကုသရေးအစီအစဉ်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း၊ လာရောက်ပြသကြသောလူနာများအား အာဟာရဒါနလှူဒါန်းခြင်း၊ ညပိုင်းတွင် အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ညစာအတူသုံးဆောင်ခြင်းနှင့် အမှတ်တရဒေသထွက်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခု မြစ်ကြီးနားမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။