နေပြည်တော် ဖေဖော်ဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနေ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းနှင့် ပီလောပီနံကုန်ချောထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လေးမျက်နှာမြို့နယ်အတွင်း ပီလောပီနံအမှု့န်ကြိတ်စက် (၇၄) လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ထပ်မံ၍ အဆင့်မြင့်အမှုန့်ကြိတ်စက်များ တည်ဆောက်မည့်အခြေအနေ၊ ပီလောပီနံမျိုးကောင်း မျိုးသန့်များ ရယူစိုက်ပျိုးမည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေတို့ကို ဆွေးနွေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ် ပရဟိတကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လေးမျက်နှာမြို့နယ် အောက်စုကျေးရွာနှင့် ယင်းဆယ်ကျေးရွာချင်းဆက်လမ်းအခြေအနေနှင့် တံတားတည်ဆောက်ရန် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယင်းဆယ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော အသေးစားဆိုလာဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါ အသေးစားဆိုလာ ဓာတ်အားစနစ်စီမံကိန်းသည် 224.4 kw PV Diesel Hybrid Mini-Grid System ကို အသုံးပြုကာ ကျေးရွာရှိ အိမ်ခြေ ၅၄၄ လုံး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် အသေးစားစက်မှုလုပ်ငန်း ၂၀ တို့ကို အကျိုးပြုမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကွင်းကြီးကျေးရွာ၌ ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကွင်းကြီးစံပြကျေးရွာမှ တောင်သူဦးအောင်သန်း၏ ပဲတီစိမ်းစိုက်ခင်း သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ်ထားသော ပဲရိတ်စက် ဖြင့် သရုပ်ပြရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
မတ်ပဲ၊ ပဲတီစိမ်းကို လူလုပ်အားဖြင့် နုတ်ပါက တစ်ဧကလျှင် လူ ၁၀ ယောက်အတွက် အနည်းဆုံး ငွေကျပ် ၈၀၀၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်လုပ်ထားသော ယခုပဲရိတ်စက်ဖြင့်ရိတ်ပါက တစ်နာရီလျှင် တစ်ဧက ရိတ်သိမ်းနိုင်၍ ကုန်ကျစရိတ်မှာလည်း ဆီဖိုး ၅၀၀၀ ကျပ်ခန့်သာ ကုန်ကျကာ တစ်နေ့လျှင် ခုနစ်ဧကခန့် ရိတ်သိမ်းနိုင်မည် ဖြစ်ကြောင်း၊ စက်တန်ဖိုး ငွေကျပ်သိန်း ၃၀ ဖြင့် သမဝါယမအသင်းအဖွဲ့များ၊ တောင်သူများ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်