နေပြည်တော် ဖေဖော်ဝါရီ ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ပြီး ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့မှု အခြေအနေများကို လေ့လာကာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်