နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြို့တွင်းရပ်ကွက်၂ ခုကို တပ်မတော်က မီးရှို့တာ၊ ဒရုန်းကနေ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
အထက်ပါ သတင်းနှင့်ပတ်သက်၍ မြေပြင်စုံစမ်းသိရှိရသော သတင်းများနှင့် ဒေသခံပြည်သူအချို့ထံမှ သိရှိရသော သတင်းများအရ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့တွင်းရှိ ရပ်ကွက်များကို တပ်မတော်က မီးရှို့မှုမရှိကြောင်းနှင့် ဒရုန်းဗုံးကြဲသည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း သိရှိရပြီး ကော့ကရိတ်မြို့အတွင်း KNLA နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် တပ်မတော်၏ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်၊ စခန်းများကို အဝေးမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ နယ်မြေလုံခြုံရေး လှုပ်ရှားစစ်ကြောင်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် အနီးဝန်းကျင်မြို့၊ ရွာများအတွင်းရှိ ဒေသခံပြည်သူတို့၏ နေလူအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျက်သရေရွာကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်ကျောင်းသား မောင်ဖြိုးစံအောင် ကျည်ထိမှန် သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရပြီး အဆိုပါနယ်မြေတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ကျက်သရေရွာကို တပ်မတော်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုမရှိဘဲ အဆိုပါကျက်သရေရွာတွင် တပ်မတော်စစ်ကြောင်းများ ရှိသည်ဟူသော အထင်နှင့် AA အကြမ်းဖက်အဖွဲ့မှ Drop Bomb များကြဲချ တိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် အခြေအမြစ်မရှိသော ကောလာဟလသတင်းမှားများကို အများပြည်သူအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။