Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင်  ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်း‌ကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် ဆရာဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စာမေးပွဲများ အောင်မြင်စွာပြီးမြောက်ရေး ဆောင်ရွက်ကြရန်၊ စာမေးပွဲကျင်းပစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးနှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်း သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂတ်တွင် ဆရာ၊ ဆရာမများအဖြစ် တာဝန်ယူဆောင်ရွက် ကြမည့် ဆရာ၊ ဆရာမလောင်းများအနေဖြင့် ထူးချွန်ထက်မြက်သော တိုင်းပြည်က အားထားရသူများဖြစ်အောင် ရည်မှန်းကြိုးစားကြစေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြိုးပမ်းကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာမြို့ရှိ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်‌ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေသည့် စာဖြေခန်းများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်