Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လူမှုဖူလုံရေးဆေးခန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၂၃

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံက လူမှုဖူလုံရေးဆေးခန်းနှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေးမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ဆေးခန်းရှိ တာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးခန်းသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်၊ လေလွင့်ဆေးများမဖြစ်စေရန် စီမံခြင်း၊ ဆေးခန်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး တောင်ဥက္ကလာပမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်အခြေအနေကို လှည့်လည်စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ အလုပ်သမားဝန်ကြီးဌာန ဓမ္မာရုံကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်နေသည့် ကိုရီးယားသမ္မတနိုင်ငံတွင် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(EPS)ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် သင်တန်းသားအလုပ်သမားများကို သွားရောက်တွေ့ဆုံအားပေးပြီး သင်တန်းကျောင်းအဆောက်အဦနှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာစေရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)