နေပြည်တော် ဖေဖော်ဝါရီ ၂၂
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဒသမအကြိမ် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးသို့ တက်ရောက်ပြီး ရလဒ်ကောင်းတစ်ခု အနေဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံ (Action Plan) အချက်များအနက် တစ်ချက် ဖြစ်သည့် လက်ငင်းရလဒ် ၃ ဒသမ ၂ “ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုကွင်းဆင်း၊ ရုံးထိုင်စစ်ဆေးမှုများ ဦးစားပေးဆောင်ရွက်ရန်” အချက်ကို ကြီးမားစွာလိုက်နာဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့်ရရှိခဲ့ ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် အကြံပြုချက် အမှတ်-၈ “Non-Profit Organizations” နှင့် စပ်လျဉ်းသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်းသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေထောက်ပံ့မှုဆုံးရှုံးနိုင်ခြေ အကဲဖြတ်ရေးကော်မတီ ဖွဲ့စည်းနိုင်ရန်နှင့် ဧပြီလတွင် တိုးတက်မှုအစီရင်ခံစာ ရေးသားနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာကြီးကြပ်ရေးအာဏာပိုင်များက မိမိတို့ကြီးကြပ်ရသည့် သတင်းပို့အဖွဲ့အစည်းများအပေါ် စည်းမျဉ်းစည်းကမ်းများနှင့် ထိထိရောက်ရောက် ကြီးကြပ်နိုင်ရန်အတွက် အုပ်စုလိုက်ပူးပေါင်းကြီးကြပ်ရေးအဖွဲ့ကို အဖွဲ့ဝင်များထပ်မံဖြည့်စွက် ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းတာဝန်များ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ တင်ပြဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ML Investigation ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်