Skip to main content

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဖွဲ့စည်းပေးခဲ့ပြီးဖြစ်

ဦးစွာ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့်ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့က ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအတွက် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်အတွင်း ဖွင့်လှစ်ဆဲကျောင်းများအားလုံး ပြန်လည်မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကြီးကြပ်ရေးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၃၊ ၁၇/၂၀၂၃၊ ၁၈/၂၀၂၃ နှင့် ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းများဆိုင်ရာ ညွှန်ကြားချက်တို့ကို ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ နည်းဥပဒေများကို မပြဋ္ဌာန်းနိုင်သေးမီ ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း။

ဥပဒေ၏ ထူးခြားချက်များမှာ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန်၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များကိုပါ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ တတ်မြောက်မှုကိုလည်း ပြန်လည်စစ်ဆေးသွားရ မည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံတော်သီချင်းသီဆိုရေးနှင့် နိုင်ငံတော်အလံ အလေးပြုရေးတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကပညာရေးဥပဒေအရ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များက လုပ်ငန်းအဖွဲ့များ ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံနှင့်ကြီးကြပ်ရေးအဖွဲ့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ကိစ္စ၊ ပုဂ္ဂလိကကျောင်း ဆရာမှတ်ပုံတင်လက်မှတ်ကိစ္စများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များနှင့် လုပ်ငန်းအဖွဲ့များက လုပ်ဆောင်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ လူမှုရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာ သူများကသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်