ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Know-ledge Sharing Program အရ “လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
အသိပညာပေးရေးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသိပညာမျှဝေ ခြင်းအစီအစဉ် Knowledge Sharing ပြုလုပ်ခြင်းသည် ဌာနလုပ်ငန်းအသီးသီး၏ လုပ်ငန်းစွမ်းဆောင်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပိုမိုဆန်းသစ်ဆောင်ရွက်နိုင်ရန်၊ ပိုမိုချောမွေ့အောင်မြင်စေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ဖတ်မှတ်လေ့လာသည်ထက် Knowledge Sharing တွင် ပါဝင်တက်ရောက်ခြင်းသည် အချိန်တိုအတွင်း သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်/ ရှောင်ရန်များ၊ တန်ဖိုးရှိသည့် အတွေ့အကြုံများ၊ သင်ခန်းစာများကို အသင့်သိရှိသွားနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများအတွက်များစွာ အကျိုးရှိစေမည်ဖြစ်၍ သေချာစွာလိုက်နာမှတ်သားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း၊ အကြံပြုတိုက်တွန်းချက်များပေးပို့ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့် ရှောက်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း များပြုလုပ်ရာတွင် လိုက်နာရမည့် အချက်များစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲကို Hybrid System ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်း များ စုစုပေါင်း ၇၄ ဦး တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်