Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့် စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စွမ်းအင်နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာ ရှင်များ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စွမ်းအင်ကို အကျိုးရှိထိရောက်စွာသုံးစွဲ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်ကဏ္ဍအတွက် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်းသည် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ စက်ရုံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းမှတစ်ဆင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး (Energy Efficiency) လုပ်ငန်းစဉ်များကိုအရေးပါသည့်ကိစ္စရပ်အဖြစ်သတ်မှတ်၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝအရင်းအမြစ်များသည် အကန့်အသတ်ဖြင့်တည်ရှိနေ၍ ရေရှည်သုံးစွဲ နိုင်ရေးအတွက်စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အမျိုးသားအဆင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒအောက်တွင် စက်မှုကဏ္ဍ၊ အဆောက်အအုံကဏ္ဍ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စွမ်းအင်စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးရေးအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းစသည့် ကဏ္ဍ(၄)ရပ်ပါဝင်ကြောင်း၊ ယခု မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့်ဆောင်ရွက်မည့် စားသောက်ကုန်ကဏ္ဍအတွက် စွမ်းအင်ကိုအကျိုးရှိစွာသုံးစွဲရေးရှေ့ပြေး စီမံကိန်းလုပ်ငန်းများသည် စက်မှုကဏ္ဍနှင့် သက်ဆိုင်ကြောင်း၊ စက်မှုကဏ္ဍ၌ စွမ်းအင်သုံးစွဲမှုများသည့် စက်ရုံအလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်နှင့် စွမ်းအင်မန်နေဂျာများ မွေးထုတ် ပေးနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ သံမှူးကြီးဒေါက်တာကျန်းကျိဟုန်က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက် စွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ညွှန်ကြားရေးမှူးက ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အကြံပေးပုဂ္ဂိုလ်က စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ စားသောက်ကုန်ကဏ္ဍတွင်စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို နှစ်ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်