Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

နှုတ်ခွန်းဆက်ပြောကြား

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကူဝိတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Mubarak Muhanna Eissa Aladwani က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Mubarak Muhanna Eissa Aladwani တို့က ကူဝိတ်နိုင်ငံ၏ (၆၃) နှစ် မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။

ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများကို သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

တက်ရောက်

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။                   

သတင်းစဉ်