နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
စီစဉ်ဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၆၀ တို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တနိုင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ညံညင်းသာကျေးရွာ သာသနာ့အောင်မြေကျောင်းတိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဂန္ထဝါစကပါလကျောင်းဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် အပါး ၂၃၀ နှင့် ဒေသခံပြည်သူ ၂၀ တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သာသနာ့အောင်မြေကျောင်းတိုက် ပဓာနနာယက ဆရာတော်သာသနပါလဓမ္မာ စရိယ၊ သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဩဘာသအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သတင်းစဉ်