Skip to main content

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်းရှိ ပြာသာဒ်အဆောင်အမှတ်(၂)၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သံဝရဘိဝံသ(ငါးသိုင်းချောင်း) ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပရေးနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ကြောင်း ထောပနာ စကားလျှောက်ထားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ငါးသိုင်းချောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ကြေးစည်/ကြေးမောင်း (၂၄)ချက် တီးခတ်လျက် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဖွင့်လှစ်သည်။ ယနေ့မှစတင်၍ဖေဖော်ဝါရီ ၂၅ ရက်အထိ သံဃာတော်အရှင်သူမြတ်များက မဟာပဋ္ဌာန်းကျမ်းမြတ်အား ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်