Skip to main content

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်နှင့် ကျောက်တံခါးဘူတာအကြား တံတားအမှတ် (၁၄၅)ပေါ်တွင် ရထားလမ်းအား မိုင်းဖောက်ခွဲခံရမှုကြောင့် လူစီးရထားနှင့်ကုန်ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်

နေပြည်တော်   ဖေဖော်ဝါရီ    ၂၁    

၂၀.၂.၂၀၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲသံများကြားရသဖြင့် ကျောက်တံခါး-ပိန်းဇလုပ် ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရပါသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် အမှတ်(၉၁၄)အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ (၁၇၅၅)နာရီ အချိန်တွင် လည်းကောင်း၊ အမှတ်(၉၂၄-A) အစုန်ကုန်ရထားသည် ဖြူးဘူတာသို (၁၈၀၀) နာရီအချိန်တွင် လည်းကောင်း၊ အမှတ်(၉၂၄-B) အစုန်ကုန်ရထားသည် ကျွဲပွဲဘူတာသို့ (၁၈၂၀)နာရီအချိန်တွင် လည်းကောင်း၊ အမှတ်(၆၅၃)အဆန်ကျောက်ရထားသည် (၁၈၁၀) နာရီအချိန်တွင် အုတ်တွင်းဘူတာနှင့် အမှတ်(၉၀၂) အစုန်ကုန်ရထားသည် (၁၈၃၀)နာရီအချိန်တွင် သောင်းတိုင်ကုန်းဘူတာသို့ ၂၀.၂.၂၀၂၄ ရက်နေ့တွင် အသီးသီးရောက်ရှိ ရပ်နားထားခဲ့ရပါသည်။

ထို့အတူ ၂၁.၂.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၁၁) အဆန်လူစီးရထားသည် ယနေ့နံနက် ၉ နာရီ ၄၈ မိနစ်အချိန်တွင် ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပါသည်။ အဆိုပါရထားဖြင့် လိုက်ပါလာသော ခရီးသည်များအား သောက်ရေသန့်နှင့် နေ့လည်စာအား ဝေငှပေးခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပါသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာတွင် တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း(၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြတ်ထွက်ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီ ဖားတုံး(၃၆)တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့ရပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းပြုပြင်ခြင်းကို နံနက် (၁၁) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် လမ်းပိုင်းအား ၁၅၃၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အမှတ်(၁၁)အဆန်ရထားသည် ညောင်လေးပင်ဘူတာမှ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးဘက်သို့ ဆက်လက် ထွက်ခွာခဲ့ပြီး အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် ညောင်လေးပင်ဘူတာ၌ ၅ နာရီ ၅ မိနစ်ခန့် လူစီးရထား ကြန့်ကြာခဲ့ပါသည်။ ၂၀.၂.၂၀၂၄ ရက်နေ့တွင် အသီးသီးရပ်နားထားသော ကုန်ရထားများဖြစ်သည့် အမှတ်(၉၁၄)အစုန် ကုန်ရထားသည် ကညွတ်ကွင်းဘူတာမှ(၁၄၀၅) နာရီအချိန်တွင် လည်းကောင်း၊ အမှတ်(၉၂၄-A) အစုန်ကုန်ရထားသည် ဖြူးဘူတာမှ (၁၄၅၅)နာရီ အချိန်တွင်လည်းကောင်း၊ အမှတ်(၉၂၄-B) အစုန်ကုန်ရထားသည် ကျွဲပွဲဘူတာမှ (၀၅၄၅)နာရီ အချိန်တွင်လည်းကောင်း၊ အမှတ်(၆၅၃) အဆန်ကျောက်ရထားသည် အုတ်တွင်းဘူတာမှ (၀၆၁၀)နာရီအချိန်တွင် လည်းကောင်း၊ အမှတ်(၉၀၂) အစုန်ကုန်ရထားသည် သောင်းတိုင်ကုန်းဘူတာမှ (၀၆၂၀)နာရီအချိန်တွင်လည်းကောင်း အသီးသီး ဆက်လက်ထွက်ခွာသွားခဲ့ကြပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့်ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ် ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိပါသည်။