ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အင်ပင်သာကျေးရွာ၊ ခမည်းတော် ဦးမြင့်+ မယ်တော် ဒေါ်ရွှေကုံးတို့မှ ၁၂၉၁ ခုနှစ် သီတင်းကျွတ် လဆန်း (၁၃) ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၂၉၉ ခုနှစ်တွင် အင်ပင်သာ ကျောင်းဆရာတော် ဘဒ္ဒန္တဒီပကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ် ပြာသိုလပြည့်ကျော် (၅) ရက်နေ့တွင် ကောလင်းမြို့နယ် ကံလယ်ကြီးကျောင်းခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒကို ဥပဇ္စျာယ်ပြု၍ ကောလင်းမြို့ ဗိုလ်တဲရပ် ဦးဘိုးနီ၊ ဒေါ်မမလေး၊ ကံလယ်ကြီးရွာ ဦးသိန်း၊ ဒေါ်လှိုင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် အင်ပင်သာကျောင်းဆရာတော် ဘဒ္ဒန္တဒီပ၊ ကောလင်းမြို့ မဟာဒေဝိန္ဒာရာမ ရှမ်းကုန်းကျောင်းဆရာတော် ဘဒ္ဒန္တဒေဝိန္ဒ၊ ရွှေဘိုမြို့ မဟာဘုံစံကျောင်းတိုက်ဆရာတော်၊ မန္တလေးမြို့ ဘုရားကြီးတိုက် ရတနာမဉ္ဇူကျောင်းဆရာတော်စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။
သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ရန်ကုန်မြို့ ဘုရားကြီးတိုက်၊ ကောလင်းမြို့ လေသာကျောင်းပရိယတ္တိစာသင်တိုက်တို့၌ စာပေပရိယတ်များကို သင်ကြားပို့ချတော်မူခဲ့ပြီး ပထမအကြိမ် မြို့နယ်/တိုင်း ဝိနည်းဓိုရ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ စတုတ္ထအကြိမ်၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထန္တရဗာဟုသစ္စဂုဏ်၊ ဗဟုဇနဟိတ သုခါဝဟဂုဏ်၊ ဂန္ထရစနာဂုဏ်၊ လဇ္ဇီပေသလသိက္ခာ ကာမဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီး အား ၂၀၀၀ ပြည့်နှစ်တွင် “အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၅) နှစ်၊ သိက္ခာတော် (၇၅) ဝါအရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၉) ရက်၊ (၁၈-၂-၂၀၂၄) ရက် တနင်္ဂနွေနေ့ (၂၀:၀၀) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်