Skip to main content

(၃၅) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

(၃၅) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းသစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေဆင်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ သုတေသနစာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးတင်ပြနိုင်ရန်နှင့် သုတေသနရလဒ်များကိုလက်တွေ့ လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်ရန်၊ ပညာရပ်ဆိုင်ရာ အသိအမြင်များ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအတွက် အကြံပြုချက်များရယူနိုင်ရန်ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ကြုံတွေ့လာသည့် ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန်အတွက် အသုံးချသုတေသနသည် မရှိမဖြစ်လိုအပ်ကြောင်း။

ယနေ့ ရင်ဆိုင်နေရသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ချဉ်းကပ်မှုပုံစံသစ်များဖြင့် သုတေသနပြုဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် Responsible Mining ဖြစ်စေရန် သုတေသနပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တော၊သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကဏ္ဍသုံးရပ် ပူးပေါင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အကျိုးရှိသည့် သုတေသနကောင်းများစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် သုတေသီများအနေဖြင့် ဌာနနှင့် နိုင်ငံအတွက် လက်တွေ့အကျိုးရှိစေမည့် အသုံးချသုတေသနရလဒ်များပေါ်ထွက်လာအောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်း ပိုစတာများကို လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာစာတမ်းရှင်များက သုတေသနတွေ့ရှိချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရေဆင်းရှိ ဘွဲ့နှင်းသဘင်အဆောက်အအုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဓမ္မာရုံ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ကိုယ်ကျင့်တရားကောင်းမွန်၍ နိုင်ငံတော်က အားကိုးရသည့် လူငယ်များဖြစ်အောင် ကြိုးပမ်းသွားရန် မှာကြားသည်။

(၃၅) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း ၃၀ ကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်ကြာ ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်