နေပြည်တော် ဖေဖော်ဝါရီ ၂၀
နေပြည်တော် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာရှိ အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် Good Brothers ကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဘက်ကုန်းကျေးရွာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
စနစ်ကျလယ်မြေအဖြစ်ဖော်ထုတ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမ ဝါယမအသင်းမှ အသင်းသား ၈၇ ဦး၏ လယ်မြေ ၁၉၇ ဧက ရှိသည့်အနက် စိုက်ဧက ၁၁၂ ဧကကို စက်မှုလယ်ယာဦးစီးဌာနမှ စနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ထွန်ယက်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ ကျန်စိုက်ဧက ၈၅ ဧကကို Good Brothers ကုမ္ပဏီပိုင် လယ်ထွန်စက်များအပါအဝင် သမဝါယမအသင်းပိုင်၊ အသင်းသားပိုင်ထွန်စက်များဖြင့် မြေယာပြုပြင်ပေးခြင်းများကို သရုပ်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထွန်ယက်ပြီးစိုက်ဧကများတွင် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးနိုင်ရေးလိုအပ်သည့် စိုက်ပျိုးရေရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာသီအမီစိုက်ပျိုးရာတွင် အခက်အခဲများ မဖြစ်ပေါ်စေရေး စုပေါင်းထွန်ယက်ခြင်း၊ စုပေါင်းစိုက်ပျိုးခြင်း၊ စုပေါင်းရိတ်သိမ်းခြင်းများ ဆောင်ရွက်မှသာ ပန်းတိုင်အထွက်တိုးပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သမဝါယမကဏ္ဍမှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၂၅ မြို့နယ်၊ အသင်းပေါင်း ၁၄၃ သင်းမှ ထွန်စက်ကြီး ၄၂၇ စီး၊ အခြားစက် ၃၆ စီး စုစုပေါင်းစက်စီးရေ ၄၆၃ စီးဖြင့် ဇန်နဝါရီလအထိ လယ်ယာမြေ ဧက ၁၃၀၀၀၀ ကို ထွန်ယက်ပေးနိုင်ခဲ့ကြောင်း၊ သမဝါယမအသင်း သားတောင်သူများ စုပေါင်းထွန်ယက်စိုက်ပျိုးခြင်းဖြင့် ရာသီသီးနှံများ အချိန်မီတစ်ပြိုင်နက်တည်း စိုက်ပျိုးနိုင်ကာ ထွက်ရှိလာသည့် အချိန်တွင်လည်း တစ်ပြိုင်နက်တည်း ထွက်ရှိလာပြီး ရိတ်သိမ်းသည့်အခါ တစ်ဆက်တစ်စပ်တည်း ရိတ်သိမ်းဆောင်ရွက်နိုင်ရေးကိုရည်ရွယ်၍ ယခုလို သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အထွက်တိုးစပါးမျိုးများကိုသာ စိုက်ပျိုးကြရန်နှင့် အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ သီးထပ်သုံးသီးစိုက်ပျိုးနိုင်သော စိုက်ပျိုးမြေများတွင် ဒေသနှင့်ကိုက်ညီသော ဈေးကွက်ဝင်သောသီးနှံများ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ Kubota Myanmar ကုမ္ပဏီ လီမိတက်နှင့် Good Brothers ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ကုမ္ပဏီမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာနှင့် တင်သွင်းရောင်းချမှုနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသားတစ်ဦးချင်းအလိုက်၊ အသင်းအစုအဖွဲ့အလိုက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များဝယ်ယူနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ မေးမြန်းချက်များပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ထွန်စက်များ သမဝါယမလယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုင်တွယ်အသုံးပြုနိုင်ရေး လိုအပ်သော သင်တန်းများပေးရေးနှင့် After Sale Service ပေးရေး၊ အပိုပစ္စည်းများ အလွယ်တကူရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်