Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) နှင့် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ တူးဖော်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည် ဖေဖော်ဝါရီ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ရွှေဆံတော်စေတီတော်အား သွားရောက်ဖူး‌မြော်ကြည်ညိုပြီး ရွှေဆံတော်ရင်ပြင် ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်းပြသထားမှုနှင့် ရွှေဆံတော်စေတီတော် အောက်ပစ္စယံ တနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သရေခေတ္တရာမြို့ဟောင်းအနောက်ဘက် မြို့ရိုးခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ လုလင်ကျော်မြို့ ဝင်ပေါက်နှင့် သရေခေတ္တရာမြို့ဟောင်းရှုခင်းကြည့် မျှော်စင်တည်ဆောက်မည့် ကြက်တူရွေးတောင်၊ တူးဖော်မှုကုန်းအမှတ် (၅၃)၊ ဘောဘောကြီးစေတီ၊ ဘဲဘဲဂူဘုရား၊ ဦးခင်ဘကုန်းနှင့် ဘုရားထောင်ဂူဘုရားတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကဏ္ဍအလိုက်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယမန်နေ့က ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ ရှေးဟောင်းသုတေသနဆိုင်ရာများ လေ့လာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သင်တန်းသည် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဖြစ်သည့်အားလျော်စွာ လက်တွေ့ကွင်းဆင်း သုတေသနနှင့် တူးဖော်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် အားသာချက်ရှိကြောင်း၊ သရေခေတ္တရာသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဖြစ်၍ နိုင်ငံတကာမှပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်တွင်းဧည့်သည်များလေ့လာရာ ဒေသဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုးကို အများပြည်သူသိရှိနားလည်အောင် ရှင်းလင်းပြောကြားရန်လိုအပ်ကြောင်း မှာကြားသည်။

ကဏ္ဍအလိုက်ရှင်းလင်းတင်ပြ

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်း ကျောင်းဝင်းအတွင်းရှိ ကျောင်းစာကြည့်တိုက်၊ Thermoluminescence Dating ဓာတ်ခွဲခန်း၊ ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးဓာတ်ခွဲခန်း၊ သင်ကြားမှုအထောက်အကူပြုပြခန်း၊ တူးဖော်မှုကုန်း အမှတ် (၆၅-ဘီ) နှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ကျောက်ကာသိမ်ပြတိုက်၊ သီရိခေတ္တရာပြတိုက်၊ အတွင်းနန်းတော်ရာနှင့် ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်