Skip to main content

ဧရာဝတီတိုင်းဒေသကြီး (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ မြို့တော်အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သဝဏ်လွှာဖတ်ကြား

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားပြောကြားကြပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော ချင်းအမျိုးသားနေ့ သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။

ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

ယင်းနောက် တိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအသင်းက ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်