နေပြည်တော် ဖေဖော်ဝါရီ ၂၀
မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေးရူဒန်ကိုတို့ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြန်မာ - ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ တရားရေး၊ ဥပဒေ ရေးရာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ စက်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ ပြန်ကြားရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄) အရ ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ Hilton ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်