နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စာသင်ခန်းများအတွင်း ဆရာ ဆရာမများက ဘာသာရပ်များကို သင်ကြားနည်းစနစ်တကျဖြင့် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှု သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါကောလိပ်ရှိ မြရတုခန်းမတွင် ပါမောက္ခများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဘွဲ့ရပြီးနောက် ဆရာ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြချိန်တွင် မိမိတို့၏ ဆရာ ဆရာမများကို နမူနာယူ၍ တပည့်အားလုံးကို ကျောသားရင်သားမခွဲခြားဘဲ နာသုံးနာအရင်းခံ၍ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ ဖြစ်လာအောင် သင်ကြားပေးကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု၍ ဘာသာရပ်ဌာနများတွင် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးအခြေအနေ၊ တက္ကသိုလ်စာကြည့်တိုက်နှင့် အားကစားရုံတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့တော်ခန်းမ၌ ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြနှင့် ဘိုကလေးမြို့နယ်တို့တွင် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်