Skip to main content

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၂၀

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ (International Social Security Association- ISSA)၊ အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက်ကောင်းမွန်သည့် လူမှုဖူလုံရေးလုပ်ငန်း ဆောင်ရွက်မှု များပေးနိုင်ရေး ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။

အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမား ဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်ခန့် သည် အမျိုးသမီးအာမခံ အလုပ်သမားများဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘဝတစ်သက်တာအတွင်း တွေ့ကြုံရသည့် အရေးကြီးကိစ္စဖြစ်သော မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုးကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာသည့် အကျိုး ခံစားခွင့်အမှုတွဲများကို အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ငွေကျပ် သန်းပေါင်း ၆၂၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း။

လူမှုဖူလုံရေးအဖွဲ့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MOC လက်မှတ်ရေးထိုးပြီး မလေးရှားနိုင်ငံရောက် အာမခံထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများဆုံးသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (Social Security Organization) နှင့် အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန်အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော် ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိအကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်