Skip to main content

နည်းပညာအကူအညီများနှင့် ဖွံ့ဖြိုးမှုပရောဂျက်စီမံကိန်းများ တောင်းခံရာတွင် လိုအပ်သည့် စီမံချက်အဆိုပြုလွှာရေးသားနည်းများကို သင်ကြားပေးမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ အာဆီယံဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အာဆီယံစီမံချက်ရေးဆွဲရေးသင်တန်း (ASEAN Project Development Training) ဖွင့်ပွဲကို နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အာဆီယံစီးပွားရေးမဏ္ဍိုင်နှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အာဆီယံလွတ်လပ်သောကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အရေးပါကြောင်း၊ ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်လာခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးလာခြင်းတို့နှင့်အတူ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသညှိနှိုင်းမှုများတွင် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ (CLM) တို့အတွက် ဖွံ့ဖြိုးမှုနယ်ပယ်အသစ်များအတွက် အသိပညာပေးအစီအစဉ်များ၊ နည်းပညာအကူအညီများလိုအပ်ကြောင်း၊ ယခုကျင်းပမည့် သင်တန်းတွင် အသိပညာပေး အစီအစဉ်များ၊ နည်းပညာအကူအညီများနှင့် ဖွံ့ဖြိုးမှုပရောဂျက်စီမံကိန်းများ တောင်းခံရာတွင် လိုအပ်သည့် စီမံချက်အဆိုပြုလွှာ ရေးသားနည်းများကို သင်ကြားပေးမည်ဖြစ်သောကြောင့် အရေးပါသည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အတွေ့အကြုံများကို အခြေခံပြီး မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည့် စီမံချက်များအတွက် အဆိုပြုလွှာများကို ရေးသားတောင်းခံကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်၍ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အာဆီယံပူးပေါင်းဆောင်ရွက် မှုစီမံချက်များနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ အာဆီယံစီမံချက် အဆိုပြုလွှာများ ရေးဆွဲရာတွင် လိုက်နာရမည့်ပုံစံများ၊ စီမံချက်အဆိုပြုရာတွင် ထည့်သွင်းရမည့် အချက်အလက်များနှင့် အကျိုးကျေး‌ဇူးများ၊ စီမံချက်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို လာရောက်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသားများက စီမံချက်အဆိုပြုလွှာများ ရေးဆွဲခြင်းကို လက်တွေ့ဆောင်ရွက်ကြရမည်ဖြစ်သည်။

အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် အာဆီယံအပေါင်းတစ်လွတ်လပ်သော ဒေသအကောင်အထည်ဖော်မှုများနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် လွတ်လပ်သော ကုန်သွယ်မှုဒေသများ အဆင့်မြှင့်တင်ရာတွင်လည်းကောင်း၊ အသစ်ညှိနှိုင်းရာတွင်လည်းကောင်း၊ ကုန်သွယ်မှုနှင့် အလုပ်သမားကဏ္ဍ၊ ကုန်သွယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအစရှိသဖြင့် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာသဖြင့် အဆိုပါနယ်ပယ်အသစ်များနှင့် စပ်လျဉ်းပြီး နားလည်သဘောပေါက်စေရန်နှင့် လိုက်ပါအကောင်အထည်ဖော်ရန်အတွက် သင်တန်းများနှင့်နည်းပညာအကူအညီများ လိုအပ်လျက်ရှိကြောင်းနှင့် သင်တန်းမှရရှိသည့် ဗဟုသုတများသည် အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာညှိနှိုင်းမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုစီမံချက်များအတွက် အဆိုပြုလွှာရေးသားရန်နှင့် အဆိုပါစီမံချက်များကို စနစ်တကျအကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်