နေပြည်တော် ဖေဖော်ဝါရီ ၂၀
(၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက်ပိုင်း ပွဲစဉ်အဖြစ် (က) အဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုရဲတီးဝိုင်းအသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် (ခ) အဆင့်ပြိုင်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်းနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့ပြင် ညနေပိုင်းတွင် (ခ) အဆင့်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။