နေပြည်တော် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်းကို ဆီဆိုင်မြို့တွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် PNLA သတင်းရင်းမြစ်မှ ပြောဆိုသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ မရှိကြောင်း ဆီဆိုင်မြို့တွင် နေထိုင်သူဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
အဆိုပါ ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်များနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိရာ ထိုသို့အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံပြည်သူများမှ ၎င်းတို့၏လုပ်ရပ်များကို ကန့်ကွက်လျက်ရှိသည့်အတွက် လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေကာ ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။