နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့အား ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် YMBA (ဗဟို) ဥက္ကဋ္ဌရုံး၌ တွေ့ဆုံစဉ် မှာကြားခဲ့သည့် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ YMBA(ဗဟို) အသင်းကြီး၌ ပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ၊ YMBA သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်းမှ ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) တိုင်းနှင့်ပြည်နယ် ဥက္ကဋ္ဌများညှိနှိုင်းရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) တွဲဘက်အတွင်းရေးမှူး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး YMBA အသင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မွန်ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဗဟိုအဖွဲ့ဝင်က သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးတင်ပြဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းနှင့်ပြည်နယ် YMBA အသင်းများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် အဝတ်အထည်များကို YMBA (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် YMBA (ဗဟို) ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။